မြစ်ကြီးနား အောက်တိုဘာ ၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် ပြည်သူများလွတ် လပ်ပျော်ရွှင်စွာ အနားယူခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် ရှေးဦးစွာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီသို့ သွားရောက်ပြီး သီတင်းကျွတ်ပွဲတော်တွင် ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်ခြင်းများကို ပြည်သူများနှင့်အတူတကွ ဆောင်ရွက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှုပြုရန် လာရောက်သည့် ပြည်သူများအား မုန့်နှင့် အချိုရည်ဘူးများကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အံတော်ရှင်စေတီတော်မြတ်ကြီးသို့ သွားရောက်ခဲ့ကြပြီး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားဖူးကုသိုလ်ကောင်းမှုဒါနပြုရန် လာရောက်ကြသည့် ပြည်သူများနှင့်အတူ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆန်ပြုတ် စတုဒီသာ ဖြင့် ဧည့်ခံကျွေးမွေးမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်ပွဲတော်အဖြစ် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ရောင်စုံစလိုက်မီးများ အလှဆင်ထားခြင်း၊ ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ စင်တင်တေးဂီတဖျော်ဖြေမှု အစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ လာရောက်လည်ပတ်ပျော်ရွှင်သူများဖြင့် စည်ကားများပြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သီတင်းကျွတ်ပွဲတော်ကာလအတွင်း ဌာနဆိုင်ရာ များ၏ အလှည့်ကျကျွေးမွေးသည့် စတုဒီသာများကို ပြည်သူများအား လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အထိမ်းအမှတ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်စတုဒီသာဈေးပွဲတော်သို့ သွားရောက်ပြီး တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်အတွင်း တိုင်းစစ်ဌာနချုပ် ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့ များ၏ ကျွေးမွေးဧည့်ခံလျက်ရှိသည့် ရိုးရာအစားအစာများ ပြင်ဆင်ဆောင်ရွက်ထားရှိသည့် စတုဒီသာဈေးတန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေမှုတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ မူးယစ်ဆေးစွဲ လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ကျင်းပလျက်ရှိသည့် နိုင်ငံကျော် အဆိုတော် နောနော်၏ စင်တင်စတိတ်ရှိုးအစီအစဉ်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကာ အလှူငွေအဖြစ် ငွေကျပ်သိန်း ၂၀ ကို ထည့်ဝင်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။









