မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်သော မြို့ပြများ ဖြစ်လာစေရေး လူထုပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင်းရှိ စည်ပင်သာယာရေးနယ်နိမိတ်ပိုင် ရပ်ကွက်/ ကျေးရွာများတွင် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်၊ ရုံးကြီးတစ်လျှောက်နှင့် သီတာရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ မြို့မ၊ မင်းရပ်၊ ရှမ်းစုတောင်ရပ်ကွက်များတွင်လည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် မြို့သစ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရှမ်းစုမြောက်၊ ကချင်စု၊ ကျွန်းပင်သာ၊ အေးစေတီ၊ အောင်နန်းရပ်ကွက်များတွင်လည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်းတို့သည် ရွှေပြည်သာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းအပါအဝင် ရမ်ပူ၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ လယ်ကုန်းနှင့် ရွှေအိုက်၊ ပမ္မတီးရပ်ကွက်များတွင်လည်းကောင်း သက်ဆိုင်ရာရပ်ကွက်အများအလိုက် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆီဟူးဒွေ့နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးတို့သည်လည်း ခေမာသီရပ်ကွက်၊ ယုဇန၊ မြေမြင့်၊ ရွှေစက်၊ မန်ခိန်၊ တပ်ကုန်း၊ စီတာပူရပ်ကွက်များတွင် ရပ်ကွက်အလိုက် အခြေခံ ပညာကျောင်းများ၊ လူများဝင်/ ထွက်သွားလာရာနေရာများနှင့် အပန်းဖြေနေရာများ၊ မိန်းလမ်းမဘေးများတွင် စည်ပင် သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အတွင်းမှ လူငယ်ပရဟိတအဖွဲ့များ၊ ပြည်သူများနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
