တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးခန့်အပ်တာဝန်ပေး

မြစ်ကြီးနား     သြဂုတ် ၁၄
တတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးတတိယနေ့ကို သြဂုတ်၁၄ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်များကို ကြေညာပြီး အစည်း အဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးတို့က စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်းတစ်ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၄)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၅)ခု၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းတစ်ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၄)ခု စုစုပေါင်းပြည်သူ့အကျိုးပြု ကြယ်ပွင့် ပြမေးခွန်း (၁၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကြည်း ၃၀၉၀၇ ဗိုလ်မှူးကြီးစိုးရန်နောင်အား ခန့်အပ်တာဝန်ပေးအပ်သည့်အမိန့်စာအား လွှတ်တော်သို့ ကြေညာပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် ကြည်း ၃၀၉၀၇ ဗိုလ်မှူးကြီးစိုးရန်နောင်က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ဆက်လက်၍ အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ စာရင်းစစ်ချုပ် လုပ်ငန်းဆောင်ရွက်ချက် အစီအရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်က ဆွေးနွေးခဲ့ကြပြီး မှတ်တမ်းတင်ကြောင်း ကြေညာကာ အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။