မြစ်ကြီးနား သြဂုတ် ၁၃
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ် တော်၏အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉)ဦးတို့က ပြည်သူ့အကျိုးပြု စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်းတစ်ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၄)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၄)ခု၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာမေးခွန်းတစ်ခု၊ စည်ပင်သာယာ ရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၅)ခု စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ကချင်ပြည်နယ် ၏ ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်၊ မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီနှင့် ဥပဒေကြမ်းကော်မတီတို့က စိစစ်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ငွေစာရင်းလျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်စာရင်းစစ်ချုပ်ဒေါ်ခင်လေးနွယ်က ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ကချင် ပြည်နယ်၏ စာရင်းစစ်ချုပ်လုပ်ငန်းဆောင်ရွက်ချက် အစီအရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်သည်။
