မြစ်ကြီးနား သြဂုတ် ၁၇
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်သို့မိန့်ခွန်းပြောကြားကြားရာတွင် ရက်ပေါင်း ၁၀၀ အတွင်း အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ရှေ့ရှု၍ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ် စစ်စီမံကိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဆိုင်ရာမေးခွန်း (၆)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၃)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်းတစ်ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၄)ခု စုစုပေါင်း ပြည်သူ့အကျိုးပြု ကြယ်ပွင့်ပြမေးခွန်း (၁၄)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်၍ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်း (RE)တွင် ထည့်သွင်းရန် ပြည်နယ်အစိုးရအဖွဲ့က ထပ်မံပေးပို့လာသည့် လျာထားချက်ကို ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သော ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်အား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ထို့နောက် ပြည်နယ်သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ကချင်ပြည်နယ် သတ္တု-အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းခဲ့ကြရာ ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာကိုတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဥပဒေကြမ်းအား အနီးဆုံးလွှတ်တော်အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယပုံမှန် အစည်းအဝေးနှင့် တတိယပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ကာ အစည်းအဝေးစတုတ္တနေ့ကို ရပ်နားလိုက်ကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
