နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်းတွင် အမှတ်(၄၉) အဆန်/အမှတ်(၅၀)အစုန်ရထားခရီးစဉ် စတင်ပြေးဆွဲ

မြစ်ကြီးနား     ဇူလိုင် ၂၁
          ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး အတွက် ရထားလမ်းပိုင်းများ အဆင့်မြှင်တင်ဆောင်ရွက်ခြင်းနှင့်အတူ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား -မိုးကောင်းလမ်းပိုင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်၍ မိုးကောင်း (၁)/ မိုးကောင်း (၂) ရထားများ ပြန်လည်ပြေးဆွဲပြီးနောက် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းရထားလမ်းပိုင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့၍ အမှတ်(၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ်(၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ်များအား ယနေ့မှ စတင်ပြေးဆွဲပေးလျက်ရှိပါသည်။
          အဆိုပါ လူစီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားဘူတာ စင်္ကြံအမှတ်(၁)တွင် ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် မြန်မာ့မီးရထားမှ အရာထမ်း/ အမှုထမ်းများ၊ ဧည့်သည်တော်များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ စတင်ပြေးဆွဲမည့် မြစ်ကြီးနား-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန် ရထားခရီးစဉ်သည် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း လမ်းပိုင်းရှိ ရထားလမ်းခရီးတစ်လျှောက် ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသော သွားလာရေးအခက် အခဲများ လျှော့ချပေးနိုင်ပြီး ဒေသတွင်း ခရီးသွားလာမှုနှင့် ကုန်စည်များကိုလည်း လွယ်ကူစွာ သယ်ယူပို့ ဆောင်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ့မီးရထားတို့မှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ခရီးသွားပြည်သူများအနေဖြင့် မျက်ဝါးထင်ထင်တွေ့ မြင်နိုင်ကြမည်ဖြစ်သကဲ့သို့ ရထားလမ်းမကြီးနှင့် ရထားတွဲဆိုင်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း ရထားလမ်းပိုင်းတွင် အမှတ်(၄၉)အဆန်၊ အမှတ်(၅၀)အစုန် ရထားများ ခရီးစဉ်ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ  ဒေသခံရထားစီးပြည်သူတစ် ဦးက ခရီးစဉ်တိုးချဲ့ပြေးဆွဲပေးသည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာ ကျေးဇူးတင်စကားပြောကြားပြီး နောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
          ထို့နောက် ပြေးဆွဲမည့် ရထားတွဲဆိုင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လျှပ်စစ်၊ စွမ်း အင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး(ပူးတွဲ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ထွက်ခွာမည့်ရထားစက်ခေါင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြခဲ့ကြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားဘူတာမှ မိုးညှင်းဘူတာအထိ လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ရထားစတင်ထွက်ခွာခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်ပါစီးနင်းခဲ့ကြကာ လမ်းခရီးတွင် မိုးကောင်း၊ တောင်နီ၊ မင်းကုန်း၊ ဟိုပင်၊ မြို့သစ်ကလေးနှင့် ခရီးဆုံး ဘူတာဖြစ်သည့် မိုးညှင်းဘူတာတို့တွင် ဒေသခံပြည်သူများက ရထားခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်းအတွက် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့မှုကို ပြန်လည်နှုတ်ဆက်အားပေးခဲ့စကားများ ပြောကြားပေးခဲ့ သည်။
          ယနေ့ စတင်ပြေးဆွဲသည့် အမှတ်(၄၉)အဆန် မိုးညှင်း-မြစ်ကြီးနား လူစီးရထားသည် မိုးညှင်း ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်တွင် လည်းကောင်း၊ အမှတ်(၅၀)အစုန် မြစ်ကြီးနား-မိုးညှင်း လူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ နေ့လည် ၁ နာရီတွင် လည်းကောင်း အသီးသီးရောက်ရှိမည် ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစ/အဆုံး အထက်တန်း ၂၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တစ်လျှောက် ဘူတာစဉ်ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်များ ကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်း(၃)ရက်နှင့် ရိုးရိုးတန်းအတွက် (၁)ရက် ကြိုတင်ဝယ်ယူနိုင် မည်ဖြစ်သည်။
          နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်အတွင်း ရထားလမ်းပိုင်းပြန်လည်ပြုပြင်နိုင်ခဲ့သည့် အတွက် မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီးနားခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာနှင့် သက်တောင့် သက်သာစီးနင်းလိုက်ပါနိုင်ရေးအတွက် လူစီးရထားခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မြန်မာ့မီးရထား အနေဖြင့် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီ စက်ခေါင်းနှင့် တွဲများအသုံးပြုလာနိုင်ပြီးဖြစ်၍ ရထားအမြန်နှုန်းတိုးမြှင့်ပြေးဆွဲပေးလျက်ရှိရာ ပြေးဆွဲချိန် လျှော့ချပေးနိုင်ခဲ့ပြီး ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စေရေး အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။