မြစ်ကြီးနား အောက်တိုဘာ ၆
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို အောက်တို ဘာ ၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ် တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနဆိုင်ရာမေးခွန်း (၁)ခု၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၁)ခု၊ လူမှုရေးရာ ဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၃)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၃)ခု၊စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း(၂)ခု၊စုစုပေါင်းမေးခွန်း(၁၀)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက မေးခွန်းများကို ပြန် လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးတတိယနေ့တွင် တင်သွင်းခဲ့သော မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးနေလင်းစိုး၏ “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေနှင့် ရုံးအသုံးအဆောင်များကို လက်ရှိကုန်စျေးနှုန်းများဖြင့် ကိုက်ညီမှုရှိစေရန် ပြန်လည်သုံးသပ်၍ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုအား ချီဖွေမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကွမ်ငါးနော်အောင်က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုနှင့်စပ်လျဥ်း၍ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏အဆုံးအဖြတ်ကိုရယူပြီး ယင်းအဆိုအား ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်းကြေညာသည်။
ဆက်လက်၍ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ၂၀၂၇-၂၀၂၈ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးမှန်ခြေငွေစာရင်း လျာထားချက်အားလည်းကောင်း၊ ၂၀၂၇-၂၀၂၈ခု ဘဏ္ဍာရေးနှစ် အရအသုံးမှန်ခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဥ်း၍ ဥပဒေကြမ်းကော်မတီဝင် မံစီမြို့နယ် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဂျာဂွန်းတန်က ဥပဒေကြမ်းကော်မတီ၏ စိစစ်ချက် အစီရင်ခံစာအားလည်းကောင်း ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာသိန်းက ၂၀၂၇-၂၀၂၈ခုဘဏ္ဍာရေးနှစ် အရအသုံးမှန်ခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဥ်းသည့် ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာအားလည်းကောင်း အသီးသီး တင်သွင်းကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ၂၀၂၇-၂၀၂၈ခု ဘဏ္ဍာရေးနှစ် အရအသုံးမှန်ခြေငွေစာရင်းလျာထားချက်နှင့်စပ်လျဥ်း၍ အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လော်ဝေါ်၊ လာချိဒ် နှင့် လီဆူတိုင်းရင်းသားလူမျိုးများ၏ အမည်မှန် (စာလုံးပေါင်းအမှန်)သတ်မှတ်နိုင်ရေးနှင့် စပ်လျဥ်း၍ ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ မံစီမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဂျာဂွန်းတန်က ထောက်ခံခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုး သီတာသိန်းက “ဌာနဆိုင်ရာအချို့၏ (၅)နှစ်တာလုပ်ငန်းစီမံကိန်းများ ရေးဆွဲတင်ပြရာတွင် ၂၀၁၃ ခုနှစ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈၄ နှင့်အညီဆောင်ရွက်ရန် ကချင် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုအားတင်သွင်းရာ ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဖိုးပါကြွယ်ကထောက်ခံခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဥ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
