မြစ်ကြီးနား မေ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်း၊ဘက်စုံမွမ်းမံခြင်း၊ ရွှေထီးတော်၊စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းအခမ်းအနားအောင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာတော်၊ သီလရှင်အပါး ၃၆၀ တို့အား သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စေတီတော်မြတ်ကြီး၏ရင်ပြင်ရှိ မုဒ်ဦးလေးဘက်တွင် အံတော်ရှင် တောင်တန်း သာသနာပြုဗဟိုကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဉာဏဓဇ အမှူးပြု သော ဆရာတော်သံဃာတော်အပါး ၁၀၈ ပါးက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူသည်။
ယင်းနောက် ဘုရားအမှူးပြုသော သံဃာတော် ၊ သီလရှင် စုစုပေါင်း အပါး ၃၆၀ တို့အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင် ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြောင်း သိရသည်။