မြစ်ကြီးနား စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း၍သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ မြို့တွင်းအဓိကလမ်းမကြီးများဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမကြီးနှင့် သခင်နက်ဖေလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ သန့်ရှင်းသပ်ယပ်မှုရှိစေရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဆွမ်ပရာဘွမ်လမ်းမကြီးဘေး၊ မြစ်ကြီးနားဂေါက်ကလပ်ရှေ့ သန့်ရှင်းသာယာလှပရေး မြေယာရှုခင်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ စီတာပူရပ်ကွက်၊ ဒူဝါဇော်ရစ်လမ်းနှင့် မနောဥယျာဉ်ပတ်လမ်းဆုံ အမှိုက်ကန်ရှိ အမှိုက်များ စနစ်တကျသိမ်းဆည်းစွန့်ပစ် ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ စီတာပူမနောကွင်းအတွင်း/ အပြင် သန့်ရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများနှင့်အတူ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာလမ်းသွယ်(၁၃) လမ်းမတစ်လျှောက် မိုးများ၍ ရေဝပ်တင်ကျန်မှု မဖြစ်ပေါ်စေရေး ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်း အစီအမံများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





