မြစ်ကြီးနား ဇူလိုင် ၃၁
ကချင်ပြည်နယ်၏ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့တွင် အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ကချင်)က ပြည်သူ့အကျိုးပြုအစီအစဉ်ဖြင့် ဒေသတွင်း ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ဆိုင်းကယ်စီးဦးထုပ် Campaign ပြုလုပ်၍ ဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် Campaign တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်တော်ဆိုင်ကယ်စီးရာတွင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုး မြဲမြံစွာတပ်ဆင်ကြစေရေး ပညာပေး၊ စစ်ဆေး၊ အရေးယူမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းလိုက်နာခြင်းသည် ဥပဒေကို လေးစားခြင်းဖြစ်သကဲ့သို့ မိမိ၏အသက်၊ မိသားစု၏ပျော်ရွှင်မှုနှင့် အခြားသူများ၏ အသက်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းများကို လိုက်နာခြင်းနှင့် အန္တရာယ်ကင်းရှင်းသော လူမှုဘဝကို အတူတကွဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် အမှတ်(၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲ(ကချင်)ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမင်းရန်ထွန်းက မြစ်ကြီးနားမြို့၌ နှစ်အလိုက် ယာဉ်မတော်မဆမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် Campaign ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေဆောင်းစေပြီး မေးသိုင်းကြိုးမြဲမြံစွာတပ်ဆင်စီးနင်းနိုင်ရေး အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ သိသင့်သိထိုက်သည်များ ပါဝင်သည့် လက် ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ယာဉ်မတော်တဆမှုဖြစ်စဉ်ပေါင်း ၁၇၁ မှုဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရရှိမှု၌ ၁၇၄ ဦး၊ သေဆုံးမှု၌ ၁၃၀ ဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ၇၉၉၂၈၀၀၀ ရှိခဲ့ကြောင်းနှင့် အမှတ်(၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ကချင်)ဒုတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာစေရေးအတွက် ပညာပေးဟောပွဲများကို ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အကြိမ်ရေစုစုပေါင်း ၅၉ ကြိမ်တွင် ကျောင်းသား/ ကျောင်းသူများအပါအဝင် ပြည်သူစုစုပေါင်း ၁၂၃၈၄ ဦးထိ ဟောပြောနိုင်ခဲ့ကာ လက်ကမ်းစာစောင်ဖြန့်ဝေမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

