ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် များအတွင်းရှိ ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား  သြဂုတ်   ၆
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို သြဂုတ် ၆ ရက်က မြစ်ကြီးနားမြို့ ရှမ်းစုရပ်ကွက်နှင့် စီတာပူရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် ရှမ်းစုရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ယူချိန်တရုတ်စာသင်ကျောင်းရှိ အားကစားခန်းမ၌တွေ့ဆုံခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ အောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခုဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများ၏အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက်နည်းပညာဆိုင်ရာ ငလျင်နှင့် တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာနိုင်သည့် အခြေအနေများနှင့် ဒေသခံပြည်သူများ၏ အကျိုးအမြတ်ခံစားခွင့်များကို အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာဖူဆယ်အားကစားကွင်း၌ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ စီတာပူရပ်ကွက်နေပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။