မြစ်ကြီးနားမြို့ ဇန်နဝါရီလ ၂၈ ရက်နေ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မိုးကုတ်ဓမ္မာရိပ်သာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသည့် တိလောကမုနိစိန်ရတနာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရွှေထီးတော် အထွဋ်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးတို့ တက်ရောက်ပြီး ရဟန်း၊ သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ မြောက်ပိုင်းတိုင် စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူး၏ ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များက စေတီတော် ပုရဝုဏ်၌လည်းကောင်း၊ အလှူရှင်များနှင့် ဒေသခံပြည်သူများက စေတီတော်မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းဝင်းအထိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ ကိုရင်များနှင့် သီလရှင်ဆရာများ စုစုပေါင်းအပါး ၂၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်း၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများကို လှူဒါန်းခဲ့ကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း နှင့် တက္ကသိုလ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဗိုလ်လုပွဲ ယှဉ်ပြိုင်ကမည့် သံလွင်ဧရာအသင်း နှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့မှ ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဓာတုဗေဒ ဘာသာရပ်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ကြရာ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် တာဝန်ရှိ သူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းရာသီ အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/ အမျိုးသမီးဘောလီဘောနှင့် ဘောလုံးပြိုင်ပွဲ များတွင် တစ်ဦးချင်းအကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအတွက် တစ်ဦးချင်းလည် ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား၊ အမျိုးသမီးဘောလီဘောနှင့် ဘောလုံး ပြိုင်ပွဲများတွင် ဒုတိယနှင့် တတိယဆုရအသင်းများအတွက် ဂုဏ်ပြုဆုဖလားများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအမျိုးသမီးဘောလီဘောအသင်းနှင့် ပထမဆုရ အမျိုးသားဘောလုံး အသင်းတို့အတွက် တံခွန်စိုက် ဆုဖလားများအား လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။






