ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် အသင်းအလုပ်အမှုဆောင်သစ် ရွေးကောက်တင်မြှောက်ပွဲသို့တက်ရောက်၊ မြစ်ကြီးနားမြို့ရှိ ဝါဒူဆိုင်းပန်နှင့် စူပါဝမ်း MSME လုပ်ငန်းများအား ပိုမိုတိုးတက်ထုတ် လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  စက်တင်ဘာ ၂
          ကချင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KSCCI) ၏ ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေပြည်စံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ အသင်း၏အလုပ်အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်သည် သယံဇာတပေါကြွယ်ဝပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူများ အလုပ်အကိုင်အခွင့်ရရှိရေးနှင့် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ရွေးကောက်တင်မြောက်မည့် အဖွဲ့ဝင်သစ်များက မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းဆောင် ရွက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
          ထို့နောက် အသင်း၏ ရွေးကောက်တင်မြှောက်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကျော်ဌေးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၆-၂၀၃၀ ခုနှစ် (၅)နှစ်တာအတွက် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်နိုင်ရေး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ခံရသော အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ၏ စာရင်းအား အတည်ပြုထုတ်ပြန်ခြင်း၊ အလုပ်အမှုဆောင်သစ်များကို မိတ်ဆက်ခြင်းနှင့် သက်တမ်းကုန်အလုပ်အမှုဆောင်အဖွဲ့များ တာဝန်မှအနားယူကြောင်း ကြေညာခြင်းတို့ဆောာင်ရွက်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌအသစ် ဦးအားဖူရီမိလီက မိတ်ဆက်စကား ပြောကြားခဲ့သည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်း(ကြာရာပတ္တီး-အေ) ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း ၅၀၀ ရင်းနှီးမတည်မှုဖြင့် ဒေသထွက် သား/ငါးများအား အသင့်စား စားသောက်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် WaDu Seng Pan ကချင်ရိုးရာအသင့်စား စားသောက်ကုန်လုပ်ငန်း အလုပ်ရုံသို့သွားရောက်ပြီး အလုပ်ရုံသစ်ဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်းစတင် လည်ပတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းမှထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများကို မေးမြန်းခဲ့ကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း ဒေသတွင်း နို့စားနွားများ မွေးမြူ၍ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိသော စူပါဝမ်း သမဝါယမအသင်း နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူ‌ရေးလုပ်ငန်းသို့ သွားရောက်ပြီး နို့စားနွားများအား ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူ၍ နွားနို့နှင့် နို့ထွက်ပစ္စည်း စားသောက်ကုန် ကုန်ချောအဆင့် ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းတိုးချဲ့နိုင်ရေးနှင့် နို့စားနွားမများ တိုးတက်မွေးမြူနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(စတုတ္တနှစ်)စက်ဝန်းမှ ရင်းနှီးမတည်ပေးနိုင်ရေး ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများနှင့် နွားစာအိတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။