မြစ်ကြီးနား စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၄ ရက် ညနေ ၃ နာရီက ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဆမားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲကို ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့အသုံးချရာတွင် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်သဘောပေါက်ပြီးဖြစ်သည့်အတွက် မြေပြင်တွင် အခက်အခဲမရှိစေဘဲ လွယ်ကူလျင်မြန်စွာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ရပ်ကွက်/ ကျေးရွာအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပိုမိုစနစ်တကျ တိုးတက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုမိုးရေးကို အထူးအလေးထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆိုပါ သင်တန်းမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနက် သင်တန်းသား ထူးချွန် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းဆင်း လက်မှတ်များကိုလည်း ကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် အဆိုပါရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဝိုင်းမော်မြို့နယ် တရားရုံးဖွင့်လှစ်ထားရှိမှုနှင့် တရားရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက မြစ်ကြီးနားမြို့ တပ်ကုန်း(ထီဝန်း) ရပ်ကွက် AG အသင်းတော်ဘုရားကျောင်း၌ မြစ်ကြီးနားတက္ကသိုလ် နှင့် တက္ကသိုလ်ဒီဂရီကောလိပ်များတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ရဝမ်တိုင်းရင်းသား လူငယ်/ မောင်မယ်များ၏ မိတ်သဟာယပြုတွေ့ဆုံခြင်းနှင့် စုပေါင်းကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနားသို့ တက်ရာက်အားပေးချီးမြှင့်သည်။
ထိုသို့ တက်ရောက် အားပေးချီးမြှင့်ရာတွင် ပြည်နယ်ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုက တက္ကသိုလ် အသီးသီးတွင် တက်ရောက်ပညာသင်ကြားနေကြသော ရဝမ်တိုင်းရင်းသားလူငယ်များအချင်းချင်း တွေ့ဆုံစေပြီး ချစ်ခင်စည်းလုံးစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ အတွေ့အကြုံများဖလှယ်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မိတ်ဆက်ပြောကြားကာ မြစ်ကြီးနား တက္ကသိုလ်အပါအဝင် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)၊ Polytechnic University ၊ သူနာပြုသိပ္ပံ၊ ဒီဂရီကောလိပ် အသီးသီးမှ ကျောင်းသား/ ကျောင်းသူများနှင့် ထီဝန်းရပ်ကွက်အတွင်းရှိ လူငယ်များက ရဝမ်တိုင်းရင်းသားရိုးရာ တေးသီချင်း သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရဝမ်တိုင်းရင်းသားလူငယ် ဖျော်ဖြေရေးအကအဖွဲ့ (၆)ဖွဲ့တို့အတွက် ချီးမြှင့်ငွေကျပ် ၁၂ သိန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပွဲဖြစ်မြောက်ရေးအတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများကလည်း ဖျော်ဖြေရေးအဖွဲ့ တစ်ဖွဲ့ခြင်းစီအတွက်လည်းကောင်း၊ အကဖွဲ့အားလုံးအတွက်လည်းကောင်း ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။



