မြစ်ကြီးနား စက်တင်ဘာ ၄
ကချင်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် မိုးများ၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များနှင့် လယ်မြေများတွင် ရေဝပ်တင်ကျန်မှုများကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် အတူ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာ ပမ္မတီး(ဘုမ္မော)ရပ်ကွက်၊ ပမ္မတီးကွင်းအတွင်းရှိ တောင်သူဦးခင်ရွှေအပါအဝင် တောင်သူများ၏ လယ် ၄၅ ဧကအတွင်း ရေဝပ်တင်ကျန်မှုကြောင့် စိုက်ပျိုးမှုအဆင်ပြေစေရေး ဘုမ္မောချောင်းအတွင်း ရေစီးဝင်သည့် မြောင်းသွယ်များ ဖောက်လုပ်ထားရှိမှုနှင့် မြောင်းများပိတ်စို့မှုဖြစ်ပေါ်သည့်အပေါ် အမြန်ဆုံးရှင်းလင်းဖယ်ရှား၍ ရေမြောင်းစနစ်တကျ ဖောက်လုပ်နိုင်ရေးအတွက်လည်းကောင်း၊ အဆိုပါ ပမ္မတီးရပ်ကွက်အတွင်းပမ္မတီး-ရွှေအိုက် လမ်းဆုံနေရာမှ ပမ္မတီးဈေးသွားလမ်းတစ်လျှောက် ရေအိမ်တစ်ချို့တွင် မိုးရေဝင်ရောက်၍ ရေဝပ်တင်ကျန်မှုအခြေအနေများနှင့် အဆိုပါ လမ်းတစ်လျှောက်မှ ဘုမ္မောချောင်းနှင့် နန့်ပုတ်ချောင်းဆုံသည့်နေရာများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ရွှေအိုက်ရပ်ကွက်အတွင်း Polytechnic University သွားလမ်းပေါ်၌ ပမ္မတီးကွင်းရှိ လယ်ကွင်းများမှ ရေများရေစီးရေလာကောင်းမွန်းရေး၊ ရေဝပ်တင်ကျန်မှု မဖြစ်ပေါ်စေရေးအတွက် ရေထုထည်အတိုင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများနှင့်ညှိနှိုင်း၍ ရေထုတ်မြောင်းများအား စနစ်တကျဖောက်လုပ်ပေးနိုင်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့် ကျူးကျော်မြေဖို့မှုမဖြစ်ပေါ်စေရေး ညှိနှိုင်းပေါင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လက်ဝှေ့ဆပ်ကော်မတီတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်လက်ဝှေ့သမားများ မွေးထုတ်ပေးနိုင်ရေး ကျင်းပ ပြုလုပ်လျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား လက်ဝှေ့ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အမျိုးသမီးကီလို(၅၀)အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား(၄၆)ကီလိုမှ(၅၆)ကီလိုထိ သက်ငယ်တန်းပြိုင်ပွဲများနှင့် အလွတ်တန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသူများအား ဆုတံ ဆိပ်များနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားအလွတ်တန်း ၆၃ ကီလိုတန်းနှင့် ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများကို ထိုက်တန်စွာချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် CIC နာဇရတ်ကျန်းစာကျောင်းဝင်း၌ အဆိုပါ အသင်းတော်ယာယီတိမ်းရှောင်စခန်းနှင့် မျက်မှောက်တော်အသင်းတော်၊ အံ့ဖွယ်အသင်းတော် ယာယီတိမ်းရှောင်စခန်းတို့၌ ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု ၆၄ စုတို့နှင့်တွေ့ဆုံပြီး အဆိုပါ စခန်းများအတွင်း နေအိမ်များပြုပြင်တည်ဆောက်နိုင်ရေးအတွက် စခန်းအလိုက် ငွေကျပ်သိန်း ၇၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။









