ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခု ဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ‌ကျော် အုပ်စုလိုက် လာရောက် ကျက်စားနေထိုင်လျက်ရှိ

မြစ်ကြီးနား ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ကျော်ခန့် အုပ်စုလိုက် ယခင်နှစ်မှ ဒီဇင်ဘာလကုန်ပိုင်းလောက်မှ စတင်၍ လာရောက်ကျက်စား နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ကချင်ပြည်နယ်အတွင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ် ဆောင်းရာသီတွင် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်းစုံ အောက်တိုဘာလမှ စတင်၍ လာရောက်နေထိုင်လေ့ရှိသည်ကို အများဆုံး သိရှိရပြီး အဆိုပါ တောငန်းခေါင်းကြား (Bar-headed Goose) ငှက်များအနေဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ခုံပေါ်တွင် ၂၀၂၄ ခုနှစ်မှ စတင် လာရောက်နေထိုင်ခြင်းဖြစ်သည်။
ထိုသို့ ဆောင်းခိုငှက်များ လာရောက်နေထိုင်မှုသည် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဆောင်းခို ငှက်များ ပျံသန်းရာလမ်းကြောင်း (၉)ခုအနက် အလယ်အာရှလမ်းကြောင်း (Central Asia Flyway) နှင့် အရှေ့-အာရှ- သြစတြေးလျလမ်းကြောင်း (East-Asia Australian Flyway) နှစ်ခုပေါ်တွင် ကျရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း အင်းတော်ကြီးအိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ထို့အပြင် အဆိုပါ ဧရာဝတီမြစ်လယ်ရှိ သဲသောင်ပြင်ပေါ်တွင် လာရောက်နေထိုင်လျက်ရှိသောတောငန်းခေါင်းကြားငှက်များသည် ဆောင်းခိုငှက်မျိုးစိတ်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်း နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် အောက်တိုဘာလမှ ဧပြီလအတွင်း လာရောက်ဆောင်းခိုကျက်စားလေ့ရှိကာ အာရှတိုက်အလယ်ပိုင်းတွင် သားပေါက်လေ့ရှိကြောင်းနှင့် အဓိကအားဖြင့် မြစ်များ၊ လယ်ကွင်းများနှင့် ရေလှောင်တမံများတွင် အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံ တွင် လုံးဝကာကွယ်ထားသည့် ငှက်မျိုးစိတ်ဖြစ်ကာ International Union For Conservation of Nature-IUCN(အပြည်ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့)၏ စာရင်းများအရ Least Concern-LC (မျိုးသုန်းရန် မစိုးရိမ်ရသေးသော မျိုးစိတ်)တစ်ခုဖြစ်ကြောင်း သိရသည်။