ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(မြစ်ကြီးနား)၏ ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်ချီးမြှင့်၊ ရန်ကုန်မြို့ အခြေစိုက် အန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် ရင်းနှီးမတည်ငွေများ တိုးမြှင့်ချထားပေးနိုင်ရေး ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (မြစ်ကြီးနား)၏ ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါကျောင်းဝင်းအတွင်းရှိ ဧရာမြစ်ဆုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ လူငယ်မောင်မယ်များအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူအကျိုးပြုလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်လာကြမည်ဖြစ်သည့်အတွက် ပြည်နယ်၏ အင်အားတစ်ရပ်အနေဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မောင်တို့၊ မယ်တို့အနေဖြင့် ကျောင်းတွင် သင်ယူလေ့ကျင့် မှတ်သားခဲ့ရသည့် အသိပညာ၊ အတတ်ပညာများဖြင့် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်နှင့် တောင်သူများက အားထားရသောသူများဖြစ်အောင် ကြိုးစားကြရန် အထူးမှာကြားလိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး တောင်သူများ၏ အဓိကလိုအပ်ချက်များအပေါ် သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များဖြင့် လက်တွေ့အသုံးချ ကူညီဆောင်ရွက်သွားကြရန်နှင့် အမြဲမပြတ်လေ့လာအားထုတ်ကြပြီး ပညာရည်မြင့်သထက်မြင့်အောင် ကြိုးပမ်းအားထုတ်ကြ ရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးဒီပလိုမာ အကြီးတန်းနှင့် အငယ်တန်းတို့ တွင် ပထမနှစ်မှ တတိယနှစ်အထိတန်းစဉ်ပေါင်း ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကျောင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ကျောင်းအုပ်ကြီးထံလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဒီပလိုအောင်လက်မှတ်ယူမည့် ကျောင်းသား/ ကျောင်းသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။အဆိုပါ ဒီပလိုအောင် လက်မှတ်အပ်နှင်းခြင်းကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (မြစ်ကြီးနား)အနေဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပထမအကြိမ်အဖြစ် (၁၅၁)ဦး၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဒုတိယအကြိမ်အဖြစ် (၁၃၆)ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တတိယအကြိမ်အဖြစ် (၁၃၆)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတုတ္ထအကြိမ်အဖြစ် (၃၅)ဦး၊ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ပဉ္စမအကြိမ်အဖြစ် (၆၀)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့ ဆဋ္ဌမအကြိမ် (၇၁)ဦးကို ဒီပလိုမာအောင်လက်မှတ် အပ်နှင်းသွားမည်ဖြစ်ပြီး စုစုပေါင်းအနေဖြင့် (၅၅၅)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား/ကျောင်းသူ (၆၁)ဦးနှင့် တတိယနှစ် မွေးမြူရေးဒီပလိုမာ ကျောင်းသား/ ကျောင်းသူ (၄)ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်‌ဥပဒေချုပ်တို့နှင့်အတူ ရန်ကုန်မြို့အခြေစိုက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံမှုကို ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်နိုင်ငံရင်းနှီးမှုအပေါ် ကချင်ပြည်နယ်အတွင်း ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင်ရေး၊ တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖလှယ်နိုင်ရေးနှင့် စီးပွားရေး၊ နည်းပညာနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပုဂ္ဂလိကကျန်းမာ‌ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားခဲ့မှုနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လျှောက်ထားလာသည့် Mung Zup (မုန့်ဇွပ်) ကုမ္ပဏီလီမိတက်အနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားတင်ပြနိုင်‌ရေး၊ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ညှိနှိုင်းပေါင်းစပ်ကူညီပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ ဦးပိုင်အမှတ် (၃၅/၄)၊ ကွင်းအမှတ် (၄) ယောရင်ကွင်း၊ မြေဧရိယာ (၄ ဒဿ ၉၉)ဧကပေါ်တွင် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဆိုပြုချက် စိစစ်ရေးအဖွဲ့မှ ကုမ္ပဏီသို့ အကြောင်းကြားထားသည့် အချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယစက်ဝန်းအတွက် ရင်းနှီးမတည်ငွေများကို တိုးမြှင့်ချထားပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ပထမနှစ်စက်ဝန်းဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုနှစ် ဒုတိယနှစ်စက်ဝန်းတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအပြင် ဆီစက်၊ ဆန်စက်များ တိုးချဲ့လုပ်ကိုင်လိုသူများကို အလေးထားရင်းနှီးမတည်ပေးနိုင်ရေးနှင့် မိမိတို့အနေဖြင့် ရန်ပုံငွေများကို SOP စာအုပ်ပါအချက်များနှင့်အညီ ရင်းနှီးမတည်ပေးနိုင်ရေး အလေးအနက်ထားကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်မြေအခြေအနေအရ ချေးငွေများ အရင်း/အတိုးပေးဆပ်နိုင်မှုအပေါ် ခရိုင်/ မြို့နယ်များအနေဖြင့် အမြန်ဆုံးစိစစ်တင်ပြနိုင်ရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပထမနှစ်စက်ဝန်းမှ အတိုး/ အရင်း ရငွေများအပေါ် ဒုတိယနှစ်စက်ဝန်းအတွက် ရန်ပုံငွေများ ခွဲဝေချထားပေးနိုင်မှုအခြေအနေများ၊ ပြည်နယ်ကော်မတီမှ စီမံခန့်ခွဲရန် ကျန်ရှိသည့် ရန်ပုံငွေများအပေါ် ခရိုင်/ မြို့နယ်များမှ ထပ်မံတင်ပြတောင်းလာမှု အခြေအနေများကို တင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ ဆန်စက်၊ ဆီစက်နှင့် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်‌ရေးအတွက် တင်ပြတောင်းခံလာသည့် ရန်ပုံငွေလိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြသည်။ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းအလိုက် ရင်းနှီးမတည်ငွေလိုအပ်ချက်များ တင်ပြတောင်းခံလာမှုများအပေါ် တောင်သူများလက်ဝယ်အရောက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးစိစစ်ချထားပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။