ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးအနောက်မြောက်ကွင်းအတွင်း လယ်သီးထပ်ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား သဘာဝမြေသြဇာနှင့် ရွက်ဖျန်းမြေသြဇာအိတ်များ ပေးအပ်၊ ရွက်ဖျန်းမြေသြဇာ အချိန်ကိုက် အချိုးကျ ပက်ဖျန်းခြင်း သရုပ်ပြပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်အတွင်း ကွင်းအမှတ် (၇၁)၊ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း တောင်သူဦးချစ်ဆွေအပါအဝင် ကွင်းအတွင်းရှိတောင်သူများစုပေါင်းပါဝင်သည့် ငါးအိုးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းစုပိုင် မိုးစပါးစိုက်လယ်မြေများအတွင်း ဆောင်းသီးထပ်ဆီထွက်သီးနှံ စိုက်ပျိုးသည့် တောင်သူများအား သဘာဝမြေသြဇာနှင့်ရွက်ဖျန်းမြေသြဇာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း၊ စားဆီဖူလုံမှုတွင် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် လိုအပ်ချက်များစွာရှိနေပါကြောင်း၊ ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်လယ်များ၌ တစ်နှစ်ထက်တစ်နှစ် နှစ်သီးမှသုံးသီးအထိ သီးထပ်စိုက်စွမ်းအားတိုးမြှင့်စိုက်ပျိုးလာခြင်းအပြင် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အလေးအနက်ထားလုပ်ဆောင်ပါက တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒေသတွင်းစားရေရိက္ခာဖူလုံလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများကို ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီဖြည့်ဆည်းပေးနေသကဲ့သို့ နည်းစနစ်ကျစွာစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။ 
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက လယ်သီးထပ်ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် သဘာဝမြေသြဇာနှင့်ရွက်ဖျန်းမြေသြဇာ အချိန်ကိုက်နည်းစနစ်ကျအသုံးချခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် အသုံးပြုရမည့် နည်းလမ်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကွင်းအတွင်းရှိ တောင်သူများက သီးထပ်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အဓိကရေထွက်ပေါက်ဖြစ်သည့် ငါးလမြွေချောင်း ရေစီး‌ရေလာကောင်းမွန် အောင်ဆောင်ရွက်ပေးနိုင်ရေးတို့ကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံ‌တောင်သူများနှင့်အတူ လယ်သီးထပ်ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် သဘာဝမြေသြဇာအိတ်များနှင့် ရွက်ဖျန်းမြေသြဇာအိတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တောင်သူဦးချစ်ဆွေ၏ ပဲပုတ်စိုက် လယ်အတွင်းရှိ ပဲပုတ်ပင်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွက်ဖျန်းမြေသြဇာ အချိန် ကိုက် အချိုးကျပက်ဖျန်းပေးခြင်း တောင်သူအသိပညာပေးသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါကွင်းအမှတ် (၇၁)မှ မိုးစပါးစိုက်ပျိုးချိန် ရေနစ်မြှုပ်မှုမဖြစ်ပေါ်စေရေး တောင်သူများနှင့်အတူ အဓိကရေထွက်ပေါက်ဖြစ်သည့် ငါးလမြွေချောင်းရိုးတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်ရမည့်နည်းလမ်းများ ပြန်လည်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ‌မော်ဖောင်းကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည့် တောင်သူဦးဆင်ဝါးနော်၏ ခြံဝင်းအတွင်း ကြက်ကောင်ရေ (၃၀၀၀)ကျော် မွေးမြူဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးအစာအိတ်များ ထားသိုနိုင်ရေး ဂိုထောင်တိုးချဲ့တည်ဆောက်နေမှုနှင့် အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။