ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်ချိန်းကျေးရွာ၊ ကက်သလစ်အသင်းတော်၌ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအတွင်းရှိ ကက်သလစ်အသင်းတော်၌ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ကြသည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်ချီးမြှင့်သည့် ချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီကသွားရောက်တွေ့ဆုံအားပေးချီးမြှင့်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အိမ်ထောင်စုများအတွက် ချီးမြှင့်ငွေများကို ကျန်ရှိမှုမရှိစေရေး စနစ်တကျစာရင်းကောက်ယူပြီး ယနေ့ ပြည်သူများလက်ဝယ်အရောက် စနစ်တကျပေးအပ်ခြင်းဖြစ်ပါကြောင်း ပြော ကြားကာ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွှေညောင်ပင်၊ အောင်မြေ၊ နောင်ဟီး၊ စန်းကား၊ နောင်စီပေါ၊ မုတ်လွဲ၊ နန်ဆန်ယန်၊ ဒဘတ်ယန်၊ ကဇူး၊ ဂါးရာယန်၊ မဒိန်၊ ဝါရှောင်၊ ဝူယန်နှင့် နန့်ဝါကျေးရွာများမှ အိမ်ထောင်စုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ချီးမြှင့်ခဲ့သည့် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းလူဦးရေ ၁၀၀၁၈ ဦးတို့အတွက် စုစုပေါင်းချီးမြှင့် ငွေကျပ် ၂၀၀၃၆၀၀၀၀ ကို ပေးအပ်ခဲ့သည်။
ယင်းနောက် ဂွေထု-လဝါယန်ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးနော်လီက ဆန်အိတ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က အနွေးထည်အင်္ကျီ များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကာ အိမ်ထောင်စုများက နေထိုင်စားသောက်ရေး အတွက် လိုအပ်ချက်များ တင်ပြမှု၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ လိုအပ်မှုများကို ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ရင်းနှီးမတည်ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာအတွင်းလိုအပ်ချက်ရှိသည့် ကျန်းမာရေးဝန်ကြီးဌာနက တည်ဆောက်ပေးထားသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက်အအုံများတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ဝန်ထမ်းများ ခွဲဝေခန့်ထားပေးနိုင်‌ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။