မိုးညှင်း ဧပြီ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံ စိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင်အဓိကအားထားရသည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးထပ်စိုက်စွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၅ ရက် နံနက် ၈ နာရီတွင် အိုးအိမ်လမ်း AC လမ်းသစ်အား ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မိုးညှင်းခရိုင် ဖွံ့ဖြိုး တိုးတက်ရေးတာဝန်ခံ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် (၅၆၉.၁၄၅)သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သည့် မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက်အတွင်း အရှည်ပေ (၆၅၀၀)ရှိ အိုးအိမ်လမ်း AC လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မိုးညှင်းတပ်နယ်မှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းတိုင်းရင်းသားရိုးရာ တိုးနယားအကအဖွဲ့နှင့် တက္ကသိုလ်ဆရာမများအား ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အဆိုပါ ရပ်ကွက်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် (၄)ခန်းတွဲ (၄)ထပ် အိုးအိမ်ဝန်ထမ်းအိမ်ရာ အဆောက်အအုံ (၇)လုံး တည်ဆောက်ပြီးစီးမှုအပေါ် ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများနေရာချထားပေးမှုအခြေအနေများနှင့် အဆောက် အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် မိုးညှင်းတက္ကသိုလ်သို့သွားရောက်ပြီး တက္ကသိုလ်ဝင်းအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၈၉.၁၂၁)သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျောက်စီရေမြောင်း အရှည် ၃၃၀၀ ပေ၊ မြေသားရေမြောင်း အရှည် (၃၆၃၀)ပေနှင့်အတူ မြောင်းဖြတ်တံတား (၈)စင်း၊ မြောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် လူသားအရင်းအမြစ်များ ပညာတတ်ခြင်းအပေါ် မူတည်မည်ဖြစ်သည့်အတွက် ပညာတတ်ပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်ရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များကို ပညာအရည်အချင်းပြည့်ဝစေရေးအတွက် တာဝန်ယူထားကြသည့် ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်တိုင်က ပညာရည်ပြည့်ဝနေစေရေး လေ့လာအားထုတ်နေကြရမည်ဖြစ်သကဲ့သို့ တပည့်များကိုလည်း လိမ္မာယဉ်ကျေးပြီး အတွေးအခေါ်အမြော်အမြင်မြင့်မားသည့် ပညာရှင်များဖြစ်အောင် မြေတောင်မြောက်ပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏ အသက်သည် သုတေသနဖြစ်သည့်အတွက် သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က သင်ကြားရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက္ကသိုလ်အတွက် အလှူငွေကျပ် ၂၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ ခေတ္တပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်တို့က တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းစာအုပ်များကို အမှတ်တရဂါရဝပြု ပြန်လည်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့နယ်အတွင်း အင်ကြင်း ကုန်းကျေးရွာအုပ်စု ပင်းဟဲကျေးရွာသို့ သွားရောက်ပြီး ကျေးရွာရှိ ကွင်းအမှတ် (၃၁၂) ပင်းဟဲကွင်း ဆောင်းသီးထပ်သီးနှံစိုက်ခင်းများဘေးတွင် ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ဆန်စပါး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေး၊ စိုက်ဧကများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ တောင်သူလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေ လုံလောက်မှုရှိစေရေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိရေး၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေးကို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ရည်မှန်းချက် ပြည့်မီအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်အတူ မိမိတို့ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင် ရာများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရိုင်မြေစာရင်းဦးစီးဌာနမှူးက ပင်းဟဲကွင်းအတွင်း မိုးစပါးအပြီး ဆောင်းသီးထပ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တောင်သူများက သီးထပ်အတွက် စိုက်ပျိုးရေလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကွင်းအတွင်းရေတွင်းများ တူးဖော်ပေးနိုင်ရေးနှင့် ချောင်းရေသွယ်လုပ်ငန်း အား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ကွင်းအတွင်း ရေတွင်း (၁၀) တွင်း အမြန်ဆုံးတူးဖော်ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀၀ ကို မတည်ပေးအပ်ခဲ့သည်။
ထို့နောက် လယ်သီးထပ် ဆောင်းဆီထွက်သီးနှံ စိုက်ခင်းများအတွင်း မြေပဲ၊ နေကြာနှင့် ပဲပုတ်သီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို တောင်သူများနှင့် အတူ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်သည် ပင်းဟဲကျေးရွာ သာသနာ့ဗိမ္မာန် ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုခဲ့ကြကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့မှတစ်ဆင့် အင်ကြင်းကျေးရွာသို့ သွားရောက်ပြီး ကွင်းအမှတ် (၃၁၆/၃၁၉) အတွင်း ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်သီး ထပ်ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ပဲပုတ်၊ နေကြာ၊ ကြက် သွန်နီ/ ကြက်သွန်ဖြူသီးနှံများ စိုက်ပျိုးရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ဖြင့် စိုက်ပျိုးရေရရှိရေး တွင်းတိမ် (၂)တွင်း တူးဖော်ပေးခြင်းလုပ်ငန်းနှင့် Mobile Solar နှင့် ဆိုလာ ပန့်(၁)စုံတပ်ဆင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ချိတ်ဆက် ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အဆိုပါကွင်းအတွင်း လယ်သီးထပ်အတွက် ဌာနမှ ဆောင်ရွက်ပေးထားသည့် (၄)လက်မရေတွင်းမှ တစ်ဆင့် Mobile Solar အသုံးပြု၍ ဆိုလာပန့်ဖြင့် စိုက်ကွင်းအတွင်း ရေသွင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ကြက်သွန်ဖြူ/ နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှု၊ သီးထပ်စိုက်ပျိုးဆောင်ရွက်ထားရှိမှုအပေါ် အောင်ရေရရှိမှု အခြေအနေများကို လည်းကောင်း၊ ရေ ရရှိရေးအတွက် မြေဆီလွှာ စမ်းသပ်စစ်ဆေးဆောင်ရွက်ထားရှိမှုနှင့် လယ်အတွင်း မိုးစပါးနှင့် ဆောင်းသီးထပ်အတွက် မြေဆီလွှာနှင့်ကိုက်ညီ ဖြစ်ထွန်းသည့် မျိုးကောင်းမျိုးသန့်များ မျိုးစေ့များ ပြသထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံ လျှော်)မျိုးစေ့အိတ်များ၊ ရွက်ဖျန်းမြေသြဇာများ၊ အပင်အားတိုးဆေးများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။













