မြစ်ကြီးနား ဇွန် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်ဖြေဆိုခဲ့ကြပြီး ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် စာမေးပွဲ ဒုတိယနေ့ကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာလာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား အေးချမ်း စွာ၊ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေး အားပေးခဲ့ကြသည်။
ထို့နောက် စာသင်ခန်းများအတွင်း အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် အဆိုပါ စာစစ်ဌာန၌ စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာသော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ် မုန့်နှင့်အချိုရည်ဘူးများကို ဝေငှကျွေးမွေးခဲ့ကြကာ ကျောင်းသား မိဘများအား နှုတ်ဆက်အားပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်တွင် စာစစ်ဌာန (၂၂)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၈၆၉၆)ဦး ရှိသည့်အနက် ယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဖြေဆိုသူဦးရေ (၈၅၈၄) ဦး ဖြေဆိုခဲ့ကြပြီး ရာခိုင်နှုန်းအနေဖြင့် (၉၈ ဒဿမ ၇၁) ရာခိုင်နှုန်းထိ ဖြေဆိုလျက်ရှိကြောင်း သိရှိရပြီး စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရေး တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် (ရာဒါကောင်း-B)အတွင်းရှိ လာချိဒ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်း ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအားစွန့်ခွာ၍ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား သွားရောက် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ယာယီတိမ်းရှောင်ပြည်သူများ နေရာချထားပေးရေး၊ မိုးမကျမီ အမိုးအကာဖြင့် နေထိုင်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အတူမိသားစုများအတွက် အခြေခံစားသောက်ကုန်များကို အလျဉ်းသင့်သလို ထောက်ပံ့ပေးခဲ့သည့်အပြင် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့နှင့်အတူ ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု (၂၇၀)တို့အတွက် ဆန်အိတ် ၂၇၀ အိတ်၊ ဆီပိဿာ ၂၇၀ နှင့် ခေါက်ဆွဲခြောက်ဖာ ၂၇၀ ဖာတို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်သူတစ်ဦး၏ ကျေးဇူးတင်ဝမ်းမြောက်စကားနှင့် လိုအပ်ချက်များကို တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိသားစုများနှင့် ကလေးများအား မုန့်များဝေငှပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်း အသားစားကြက်မွေးမြူရေးခြံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပလန (၄)နှင့် (၅) ကျေးရွာအကြားရှိ ပိုင်ရှင် မောင်သိန်းဟန်၏ ကြက်ခြံသို့သွားရောက်ပြီး အသားစားကြက်ကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကြက်စာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ငွေပျော်စံပြကျေးရွာအနီးရှိ ဆင်အိုင်ကွင်းအတွင်း မြေဧရိယာ (၇ ဒဿမ ၃၀)ဧကပေါ်တွင် ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးသိန်းဟန်၏ ကြက်ခြံသို့သွားရောက်ပြီး ကြက်ခြံ ၃၂၀ ပေ × ၄၀ ပေရှိ ကြက်ခြံတည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးကြက်ခြံအတွင်း အသား စားကြက်ကောင်ရေ (၆၀၀၀)ကျော် မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ကြက်စာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကြက်သားပေါက်နှင့် ကြက်စာမှာယူတင်သွင်းနေမှုအခြေအနေများ၊ ဈေးကွက်ပြန်လည် ရောင်းချနိုင်မှုအခြေအနေများနှင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံးအနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာပေါ်တွင် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာမှ ယာယီတိမ်းရှောင်ပြည်သူများအား ယာယီစခန်းဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ထုံးထုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားပြီး ခွင့်ပြုလာပါက နေထိုင်ခွင့်ပြုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





