၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်‌ ခေါ် ကလပ်အသင်းပေါင်းစုံ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်

မြစ်ကြီးနား  စက်တင်ဘာ ၂၉
          ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဆပ်ကော်မတီနှင့် ဘိလိယက်နှင့် စနူကာဆပ်ကော်မတီတို့ ပူးပေါင်း၍ မျိုးဆက်သစ်ဘိလိယက်နှင့် စနူကာကစားသမားများ မွေးထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် ကလပ်ပေါင်းစုံဘိလိယက်နှင့် စနူကာပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီက ငြိမ်းချမ်းသာယာဘက်စုံသုံးအားကစားခန်းမ၊ ဒုတိယထပ်ရှိ ဘိလိယက်နှင့် စနူကာခန်းမ၌ ကျင်းပပြု လုပ်သည်။
          အဆိုပါ ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို မြစ်ကြီးနားမြို့ပေါ်နှင့် မိုးညှင်းခရိုင်အတွင်းရှိ ဘိလိယက်နှင့် စနူကာကလပ်အသင်းပေါင်း ၃၂ သင်း ပါဝင်၍ အမျိုးသား/ အမျိုးသမီးပြိုင်ပွဲဝင် များစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး အလွတ်တန်း အမျိုးသား စနူကာပြိုင်ပွဲအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
          ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က 9 Ball အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရပြိုင်ပွဲဝင်များ၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်းက ဘိလိယက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ အမျိုးသားပြိုင်ပွဲဝင်များအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက စနူကာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရသူများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကလပ်အသင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုရ KK ကလပ်အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။