ပူတာအိုမြို့ မနက်ခင်းဈေးအား ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြည်သူ့ ဆေး ရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဓာတ်မှန်စက်သစ်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် အသက် (၁၇)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   စက်တင်ဘာ ၃၀
          မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲက ပူတာအိုမြို့ မနက်ခင်းဈေးသို့ သွားရောက်ခဲ့ကြသည်။
        ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှု၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးမိုးဟိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့၏ အဓိကခရီးသွားဧည့်သည်များကိုစွဲဆောင်ပြီး လည်ပတ်နိုင်သည့် နေရာတစ်ခုဖြစ်သည့် ပူတာအိုမနက်ခင်းဈေးအတွင်း ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ သား/ငါးများနှင့် ရေခဲတောင်မှထွက်ရှိသည့် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားနေမှု အခြေအနေများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ဟင်းသီးဟင်းရွက်များကို ဝယ်ယူအားပေးခဲ့ကြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိအောင်ဆောင်ရွက်ရေးနှင့် ဆေးရုံ ဓာတ်မှန်ဌာန၌ တရုတ်နိုင်ငံထုတ် Browiner (100 MA Digital X-Ray ဓာတ်မှန်စက်သစ်ဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှုပေးနေသည့် အခြေအနေများနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး ဆေးရုံကြီးကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၃၃ သိန်းနှင့် ဆေးဝါးကုသမှုခံယူနေသောလူနာ(၆၈)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်တစ်ဦးလျှင် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ ပေးအပ်သည်။
          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်း ပူတာအိုခရိုင်ပညာရေးကော်မတီ ဥက္ကဋ္ဌဖလား၊ အသက် (၁၇)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာပန်းပွားအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများနှင့် ဘောလုံးပြိုင်ပွဲအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ချီးမြှင့်ကြပြီး အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ၏ တေးသီချင်း အကအလှများဖြင့် ဖျော် ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
          ဆက်လက်၍ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က (ပူတာအို) အသင်းနှင့် အ.ထ.က (မချမ်းဘော) အသင်းတို့၏ ယှဉ်ပြိုင်မှုကို ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ အ.ထ.က (ပူတာအို) အသင်းက ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
          ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်က ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသော လူပုဂ္ဂိုလ်များအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က နေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုရရှိသူများအားလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ဆက်လက်၍ အထူးဆု အ.ထ.က(ဇီးအွန်)အသင်းအား စည်ပင်သာယာရေးဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသော အ.ထ.က(ဒုတ္ထန်)အသင်းအား ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က (မချမ်းဘော)အသင်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသော အ.ထ.က (ပူတာအို)အသင်းအား လည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။