မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ်အတွင်း ပြည်သူလူထု၏ ကျန်းမာရေးလိုအပ်ချက် ဖြည့်ဆည်ပေးနိုင်ရေးအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အရည်အချင်းပြည့်မီသော ကျန်းမာရေးမှူး -၄ များ ဖြည့်တင်းခန့်ထားနိုင်ရေးအတွက် ကျန်းမာရေးမှူး -၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးမှူး -၄ ခွင့်ပြုအင်အား ၅၀၀ ဦးကျော်ရှိသည့်အနက် လက်ရှိခန့်ထားအင်အားမှာ ၂၃၄ ဦးသာရှိပြီး ၂၀၀ ကျော် လစ်လပ်လျက်ရှိသည့်အတွက် အရည်အချင်းပြည့်မီသော ကျန်းမာရေးမှူး-၄များ ဖြည့်တင်းခန့်ထားနိုင်ရေး အဆိုပါသင်တန်းကိုဖွင့်လှစ်ခြင်းပြီး သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ကျန်းမာရေးကဏ္ဍ နိုင်ငံတော်အဆင့် စီမံကိန်းများတွင် မြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများအထိကွင်းဆင်းကာ ပြည်သူလူထုထံ တိုက်ရိုက်ဆောင်ရွက်ပေးရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့သင်တန်းတက်ရောက်ကြမည့်သင်တန်းသားများအနေဖြင့် ကျန်းမာ ရေးမှူး -၄ ၏ တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းကို တိုက်ရိုက်မြှင့်တင်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ရောဂါနှိမ်နှင်းရေး) ဒေါက်တာဇော်ရိန်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် သင်တန်းဖွင့်လှစ်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ်သိန်း ၂၀ နှင့် သင်တန်းသား/ သင်တန်းသူ (၁၂၀)ဦးတို့အတွက် သင်တန်းကာလအတွင်း စားစရိတ်အဖြစ် တစ်လလျှင်ငွေကျပ် ၁၀ သိန်းနှုန်းနှင့် ချီးမြှင့်ငွေကျပ်သိန်း (၆၀)၊ စုစုပေါင်း ငွေကျပ် သိန်း ၈၀ ကို ချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းကို ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့်စစ်ကိုင်းတိုင်း ဒေသကြီး၊ အင်းတော်မြို့နယ်တို့မှ စုစုပေါင်း သင်တန်းသား/ သင်တန်းသူဦးရေ ၁၂၀ ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ စာတွေ့ (၆)လ နှင့် လက်တွေ့ ၁ နှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

