ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား   သြဂုတ် ၂၂

         ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ရေးဟုဖော်ပြပါရှိသည့်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်ပါလိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ သင်တန်းတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများစနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသည့် အပိုင်းဖြစ်သည့်အတွက် သိရှိနားလည်အောင်၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစားလေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းညီညီက မဲပေးစက်နှင့် စပ်လျဉ်း၍ မဲပေးစက် ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ မဲပေးစက်ထုတ်ပိုးတည်ဆောက်မှုနှင့် မဲရုံအဖွဲ့ဝင်များက ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုရမည့် အချက်အလက်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ၊ မဲပေးစက်၏ လုံခြုံစိတ်ချရမှုစသည့် အချက်အလက်များကို Power Point  ဖြင့် ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် ၂၇၂၀၀၀၀ ကိုထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်နှင့် ဆက်စပ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။