ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၂၀) တို့အတွက် ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၂၉
ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချော့မွေ့စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ တိုးပွားရရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ယနေ့ နံနက် (၁၀)နာရီခွဲက ဖွင့်လှစ်ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါဖြစ်သည်။
          အဆိုပါ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် တစ်သျှူးငှက်ပျော၊ ဖရဲ၊ ငရုတ်၊ ရာဘာစသည့် စိုက်ပျိုးရေးသီးနှံပို့ကုန်များနှင့် တဖက်နိုင်ငံမှ ခွင့်ပြုထားသည့် သွင်းကုန်များအား တရားဝင်ကုန်သွယ်မှုဖြင့် နိုင်ငံ တော်အခွန်ငွေရရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေ‌ရေးအတွက် ယာယီမြေနေရာများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယခုဖွင့်လှစ်သည့် မိုင်းနားကျေးရွာအတွင်း တောင်သူဦးတင်မြင့်ပိုင် မြေနေရာအတွင်းရှိ ကုန်ချိန်းကွင်းနေရာ၌ ဖွင့်လှစ်ခြင်းဖြစ်သည်။
          ထိုကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ခဲ့ပြီး မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ခြင်းသည် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေပြီး နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ တိုးပွားရရှိစေကာ တရားမဝင်ကုန်သွယ်မှုများ ပပျောက်ပြီး ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှုမရှိစေရေးပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စခန်းတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး အစွမ်းကုန်ကြိုးစားကြရန်နှင့် ပြည်နယ်အတွက် အရေးကြီးသည့် ကုန်စစ်ဆေးရေးစခန်း၏ လုပ်ငန်း များ အောင်မြင်စေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
          ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ငြိမ်းချမ်းရေးအကျိုး တော်ဆောင်အဖွဲ့မှ ဦးယွပ်ဇော်ခေါင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စခန်းအတွင်း တစ်ဖက် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ဌာနဆိုင်ရာအစုအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို စစ်ဆေးခဲ့ကြသည်။
          ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အဓိက ဆောင် ရွက်နေသည့် ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေးလမ်းကြောင်းများသည် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာသို့ လမ်းညွှန်မှုခံယူ၍ ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရွှေမိုးတောင်ဘုရား မုဒ်ဦး မြေနေရာတွင် ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ရပြီး အဆိုပါ ယာယီ ဖွင့်လှစ်ဆောင်ရွက်စဉ်ကာလအတွင်း သွင်းကုန်/ ပို့ကုန်ယာဉ်အစီးရေ စုစုပေါင်း ၃၆၂၄ စီးတွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၂ ဒဿမ ၅၄၇ သန်းကို ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မွန်းလွဲပိုင်း တွင်လည်း မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ အောင်ဇေရန်အောင်ဘုရားဝင်းအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်စခန်း (၂၀) ခုမှ အိမ်ထောင်စု (၁၆၉၄) စုအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
          အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်းသိုကျောင်းတိုက် ပဓာန နာယကဆရာတော် အမှူးပြု သော ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ သြဝါဒစကားများ မိန့်ဆိုခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန် ၁၂ ပြည်ပါအိတ် ၉၅၄ အိတ်၊ အောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ဆန် ၁၂ ပြည်ပါအိတ် ၇၄၀ အိတ်တို့ဖြင့် စုစုပေါင်းဆန်အိတ် ၁၆၉၄ အိတ် တန်ဖိုးငွေကျပ် ၁၁၈,၅၈၀,၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အလှူရှင်တစ်ဦးက မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ တည် ထားကိုးကွယ်ရန် တည်ဆောက်လျက်ရှိသည့် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော်အတွက် အလှူငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။