မြစ်ကြီးနား သြဂုတ် ၃၀
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကြက်တောင်အားကစားဆပ်ကော်မတီ ပူးပေါင်း၍ မျိုးဆက်သစ် ကြက်တောင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် လက်ရွေးစင်ကြက်တောင်ကစားသမားများ ရွေးချယ်လေ့ကျင့်ပေးနိုင်ရေးတို့အတွက် ကျင်းပပြုလုပ်သည့် မိုးရာသီကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်း၌ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ ကြက်တောင်အားကစားရုံ၌ ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲကို သက်တမ်းအလိုက် ကျား/မ ပြိုင်ပွဲများနှင့် လူသစ်တန်းပြိုင်ပွဲများအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်ဦးရေ ၁၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အသက် ၂၁ နှစ် အောက် အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ Junior လူသစ်တန်းပြိုင်ပွဲ၊ အသက် ၁၅ နှစ်အောက် တစ်ဦးချင်းကျား/မ ပြိုင်ပွဲနှင့် အလွတ်တန်း (၂)ယောက်တွဲ ကျား/မ ပြိုင်ပွဲ၊ Senior Friendship Open ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ အသက် ၂၁ နှစ်အောက် တစ်ဦးချင်း အမျိုးသမီးပြိုင်ပွဲတွင် ဆုရသူများအား မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်ကလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အသက် ၂၁ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကြက်တောင်ဆပ်ကော်မတီအတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းနှင့် ပါဝင်ကူညီပေးခဲ့သူများအား ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ နည်းပြများနှင့် အားကစားသမားများအား တစ်စိုက်မတ်မတ် ပုံမှန်လေ့ကျင့်ခြင်းအားဖြင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် ကြက်တောင်အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြစေရေးနှင့် နည်းပြများအနေဖြင့်လည်း လက်ရွေးစင်များ စနစ်တကျ ရွေးချယ်၍ ကြိုတင်စခန်းသွင်း လေ့ကျင့်ပြင်ဆင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငြိမ်းချမ်းသာယာရေကူးကန်၌ ရေကူးနည်းပြများ၊ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး ရေကူးကန်စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ ရေကူးအားကစားနည်းအတွက် မျိုးဆက်သစ်လူငယ် အားကစားသမားများ ရွေးချယ်လေ့ကျင့်ထားရှိရေး မှာကြားခဲ့ကာ ဖူဆယ်အားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် လူရွေး ချယ်၍ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာဘက်စုံအားကစားရုံအတွင်း ကိုယ်ကာယလေ့ကျင့်ခန်း (Gym) အားကစားရုံ၌လည်းကောင်း၊ ဒုတိယထပ်ရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့်စနူကာ ပြိုင်ပွဲအတွက် မျိုးဆက်သစ်လူငယ်များအား သင်တန်းဖွင့်လှစ်၍ လေ့ကျင့်သင်ကြားနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။








