ဥပဒေရေးရာဝန်ကြီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်

 မြစ်ကြီးနား    သြဂုတ် ၃၀


          ဥပဒေရေးရာဝန်ကြီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးကလည်း နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဝန်ထမ်းများအတွက် ဖူဆယ်ဘောလုံးပြိုင်ပွဲများဖြင့် သြဂုတ် ၂၈ ရက်နေ့မှ ၃၀ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
          ထိုသို့ ကျင်းပပြုလုပ်ရာတွင် သြဂုတ် ၂၈ ရက်နေ့က ဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကို ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ‌ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုကလစ် ဖွင့်လှစ်ပြသခဲ့ကြသည်။
          ထို့အပြင် ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဝန်ထမ်းများအား ဗလာမပါကံစိမ်းမဲများ ဖောက်၍ လက်ဆောင်များ ပေးအပ်ခြင်းနှင့် ယနေ့ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း ဝန်ကြီးဌာန နှစ်ပတ်လည် နေ့အကြို လှုပ်ရှားမှုအဖြစ် ဝန်ထမ်းအချင်းချင်း ပိုမိုချစ်ခင်စည်းလုံးစေရေး ကျင်းပပေးခဲ့သော ဖိတ်ခေါ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆုရအသင်းများအား ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။