မြစ်ကြီးနား သြဂုတ် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
ရှေးဦးစွာ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက အခမ်းအနားကို မြကျွန်းညိုညို တေးသီချင်းသရုပ်ဖော်အကအလှတို့ဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၁ ရာစုတွင် ကျောင်းသား/ ကျောင်း သူများအား စာသင်ကြားရေးအပြင် အားကစားပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းဖြင့် လူငယ်များ၏ အနာဂတ်အတွက် ဘက်ပေါင်းစုံမှဝမ်းစာဖြည့်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင်များ ကို နိုင်ငံတကာအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်အားကာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း ဥပဒေများနှင့်အညီ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပြိုင်ပွဲဝင်များအနေဖြင့် ပြည်နယ်နှင့်တိုင်းကိုယ်စားပြုအလှမယ်၊ ထိုမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာကာယအလှမယ် ပြိုင်ပွဲအဆင့်ထိ တက်လှမ်းနိုင်မည်ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီခဲ့ကြသူများအားလုံးအား ကျေးဇူးတင်ရှိကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြိုင်ပွဲဝင် ကျောင်းသူ (၂၁) ဦးတို့က ကိုယ်ဟန်ပြပုံစံဖြင့် မိတ်ဆက်မှုကိုလည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း၊ ပြိုင်ပွဲဝင်များက သတ်မှတ်ကိုယ်ဟန်ပြနည်းများကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကျင်းပရေးအတွက်ထောက်ပံ့ချီးမြှင့်ငွေကျပ် ၂၅ သိန်းကို လည်းကောင်း၊ ပါမောက္ခချုပ်က ဒိုင်အဖွဲ့အတွက်လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက်ပြိုင်ပွဲဝင်များကိုဆုများပေးအပ်ချီးမြှင့်ရာ ပါမောက္ခချုပ်ကနှစ်သိမ့်ဆုရပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများက အပြုံးအလှပိုင်ရှင်ဆု၊ အသားအရေအလှပိုင်ရှင်ဆုနှင့် တတိယနှင့် ဒုတိယဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ပထမဆု ပြိုင်ပွဲဝင်အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်တင်းနစ်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် လက်ရွေးစင်တင်းနစ်အဖွဲ့ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တင်းနစ်ဆပ်ကော်မတီအနေဖြင့် တင်းနစ်အားကစားနည်းနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေသကဲ့သို့ အားကစားကွင်းကိုလည်း စည်းကားသက်ဝင်နေအောင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှစ်ပြိုင်ပွဲများတွင် ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိသည့်အပြင် အမျိုးသားအားကစားပွဲတော်တွင်လည်း ကြေးတံဆိပ် (၂)ခုဆွတ်ခူးရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် ဆုတံဆိပ်များကိုရရှိအောင် ကြိုးစားယှဉ်ပြိုင်ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် အလေးအနက်ထားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်တင်းနစ်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲဝင် အမျိုးသား/ အမျိုးသမီး လက်ရွေးစင်အသင်းတို့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ရာ လက်ရွေးစင်အသင်းနည်းပြက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်စခန်းသွင်း လေ့ကျင့်ပြင်ဆင်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ အုပ်ချုပ်သူက အောင်နိုင်ရေးအတွက် ကတိပြုပြောကြားခြင်းဖြင့် လည်း ကောင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပြနှင့်ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးလုံလေလုံအားကစားခန်းမ၌ လာမည့်သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်မည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဖိုရမ် (၂၀၂၅)သို့ သွားရောက်ပါဝင်ကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုအဖွဲ့မှ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၏ ကြိုတင်ပြင်ဆင် လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာအကအဖွဲ့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ လူငယ်ဖိုရမ်သို့ သွားရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့နှင့် လူငယ်အကအဖွဲ့တို့အား ပါဝင်ခွင့်ရသည့်အတွက် အကောင်းမွန်ဆုံးကြိုးစားပါဝင်ကြရေး၊ ကပြဖျော်ဖြေရာတွင်လည်း ရိုးရာဓလေ့၊ ရိုးရာမူဟန်ကို ပေါ်လွင်အောင် ကြိုးစားကပြကြရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






