မြစ်ကြီးနား အောက်တိုဘာ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ၂၀၂၅ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန်ပွဲကို အားလုံးပူးပေါင်းပါဝင်၍ ကုသိုလ်ကောင်းမှုပြုနိုင်ရေး၊ အေးချမ်းလုံခြုံစွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ယခင်နှစ်များမှ အတွေ့အကြုံများအပေါ် အားလုံးက အကြုံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဆပ်ကော်မတီအလိုက် မဟာဘုံကထိန်ပွဲတော် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းနိုင်ရေး၊ အခမ်း အနားကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။