ဝိုင်းမော် နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက် ၉ နာရီက ဗန်းမော်ခရိုင် ဗန်းမော်နှင့်မိုးမောက်မြို့နယ်များ၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တို့မှ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မိုင်းနား RC စခန်းအတွင်း၌ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိကြသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ မိုင်းနား (RC) စခန်းတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အေးသောရာသီရောက်ရှိပြီဖြစ်သည့်အတွက် ခြုံစောင်များကို မိသားစုအလိုက် တတ်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိသားစုများအတွက်အတတ်နိုင်ဆုံးစဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ဗန်းမော်ခရိုင်၊ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များနှင့် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကာမိုင်းနှင့် ဆိုင်းတောင်တို့မှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု (၁၄၉)စုတို့အတွက် ဆန်(၆)ပြည်ပါအိတ် (၁၄၉)အိတ်၊ ဆီ (၅၀)ကျပ်သားဘူး (၁၄၉)ဘူးနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကာ စခန်းတာဝန်ရှိသူများက ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးလိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စခန်းအတွင်းမှ ဆေးတက္ကသိုလ်နှင့် သူနာပြု သင်တန်းကျောင်းတက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများနှင့် မိုင်းထိလူနာအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

