အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကျင်းပသော ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား  ဒီဇင်ဘာ ၁၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများမျိုးနွယ်စုများ စုပေါင်းကျင်းပသော ၂၇၆၅ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်း(စံပြ)ရပ်ကွက်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်မင်းကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

          ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားများအနေဖြင့် နေရာဒေသအလိုက် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ဘာသာစကားများ ကွဲပြားနိုင်သော်လည်း အနှစ်သာရအားဖြင့် တစ်သွေးတစ်သားတည်းဖြစ်သည့် ညီအစ်ကိုမောင်နှမများပင်ဖြစ်ပါကြောင်း၊ ယခုလို ကရင်နှစ်သစ်ကူးပွဲတော်ကဲ့သို့ ကျန်သည့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများကလည်း မိမိတို့၏စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ပပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ဥမကွဲသိုက်မပျက်သည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွှတ်မှုရှိကြရန် လိုအပ်သည့်အပြင် မိမိတို့ကျရာအခန်းကဏ္ဍမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် နာယကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကရင်အလံအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြပြီး ကရင်တိုင်းရင်းသား အဘိုး/ အဘွားများအား ဂါရဝပြုလက်ဆောင်များပေးအပ်ခြင်း၊ နှစ်သစ်ကူးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ်သိန်း၂၀ နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက အလှူငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး သိက္ခာတော်ရဆရာက ဆုတောင်းဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် ကရင်တိုင်းရင်းသားလူငယ်များ၏ ဝါးညှပ်အက၊ စုပေါင်းအက၊ စည်းလုံးခြင်းအက၊ တေးသီချင်းသီဆိုခြင်းနှင့် ရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူက ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကာ တာဝန်ရှိသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။