ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း ပြုပြင်တည်ဆောက် နေမှုများအား ကွင်းဆင်းစစ်ဆေး

ပူတာအို   ဒီဇင်ဘာ   ၁၉

             မြန်မာနိုင်ငံမြောက်ဖျား  “ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းစို့” ဆောင်ပုဒ်နှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပူတာအိုခရိုင်တွင် စားသုံးဆီ ဖူလုံရေးအတွက်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်/ မြိုန့ယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအို မြို့နယ် ဇီးအွန်ကျေးရွာအုပ်စု၊ ဇီးအွန်ကျေးရွာသို့ သွားရောက်ပြီး ခိုဖါကွင်း၌ ပူတာအိုခရိုင် စားသုံးဆီဖူလုံရေး စီမံချက်ဖြင့် မိုးစပါးရိတ်သိမ်းအပြီး ရိုးပြတ်ကျန်လယ်များတွင် သီးထပ်အဖြစ် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လယ်မြေ(၄၀၇) ဧက တွင် ဆီမုန်ညှင်းမျိုးစေ့များ ကြဲပက်စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင် ရေး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းအား ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အဆောက်အဦ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဝန်ထမ်း နေအိမ်ဆောက်လုပ်ငန်းခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သားဖွားခန်း ပင်မအဆောက်အအုံ ပြုပြင်တည်ဆောက်လျက်ရှိသည့် အခြေအနေများနှင့် ပေ ၂၀ ပတ်လည်ရှိ ဝန်ထမ်းနေအိမ်တည်‌ဆောက်ခြင်းလုပ်ငန်း၊ ရေတွင်းအမိုးမိုးခြင်းနှင့် ရေစင်တည်ဆောက်ခြင်း၊ ကွန်ကရစ်လျှောက် လမ်းခင်းခြင်းလုပ်ငန်း၊ ခြံစည်းရိုးချိန်းလင့်ကာရံခြင်း လုပ်ငန်းဆောင်ရွက်နေ မှုများနှင့် ထပ်တိုးဆောက်လုပ်ရန် လိုအပ်သည့် လုပ်ငန်းများ ဖြစ်သည့်  စင်ဝင်နေရာ ဆောက်လုပ် ခြင်း၊ အိမ်သာဆောက်လုပ်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းရေး စသည့် လိုအပ်ချက်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။