ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များရှိ ဘာသာရေးအသင်းတော်ပိုင်မြေနေရာများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံ၍ မိုးမကျမီ လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၁၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်မြို့များနှင့် ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာသော မိသားစုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပေါ် ရပ်ကွက်များရှိ ယာယီခိုလှုံရာစခန်း (၃)ခုသို့ သွားရောက်ပြီး မိုးမကျမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ တပ်ကုန်းရပ်ကွက်အတွင်းရှိ လာချိဒ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ စခန်း(၁) သို့ သွားရောက်ပြီး စခန်းနေအိမ်ထောင်စု ၂၇၀ နှင့် တွေ့ဆုံပြီး စခန်းတာဝန်ခံများက စခန်းအတွင်း အိမ်ထောင်စုများ သောက်သုံးရေ၊ ချိုးရေ၊ စားရိက္ခာ၊ လျှပ်စစ်မီးနှင့် ရေဝပ်သည့်နေရာများတွင် မြေဖို့ပေးနိုင်ရေးစသည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်း ထပ်တိုးအိမ်ထောင်စုများအတွက် တိုးချဲ့ယာယီအဆောင်သစ် ဆောက်လုပ်နိုင်ရေး ဝါးဖိုးလိုအပ်ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ထောင်စုလိုအပ်ချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ အားပေးစကားပြောကြားခဲ့သည်။

          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါတပ်ကုန်းရပ်ကွက် ရာဒါကောင်း (ဘီ)အတွင်းရှိ COC အသင်းတော်ခြံဝင်းအတွင်းရှိ ယာယီတိမ်းရှောင်စခန်း၌ တွေ့ဆုံပြီး စခန်းတာဝန် ခံများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် COC အသင်းတော်အတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ အိမ်ထောင်စုများအား နေရပ်ပြန်နိုင်‌ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆုတောင်းကြရန် လိုအပ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရေး အားပေးမှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရဝမ်နှစ်ခြင်းအသင်းတော်စခန်းနှင့် ကြာရာပတ္တီး (အေ) RC အသင်းတော်စခန်းတို့မှ အိမ်ထောင်စု ၆၉ စုတို့နှင့် ရဝမ်နှစ်ခြင်းအသင်းတော်စခန်း၌ တွေ့ဆုံပြီး စခန်းတာဝန်ခံများ၏ စခန်းများအတွင်း သောက်သုံးရေ၊ ချိုးရေ၊ လျှပ်စစ်မီးနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ၊ စခန်းတိုးချဲ့ဆောင် တည်ဆောက်နိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုးချဲ့ဆောင်သစ်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၄၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်မိသားစုများအတွက် နေထိုင်စားသောက်မှုအဆင်ပြေစေ‌ရေး အခြေခံစားသောက်ကုန်များကို စဉ်ဆက်မပြတ် ပံ့ပိုးထောက်ပံ့ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယနေ့ စခန်းအသီးသီးရှိ မိသားစုများအား မိုးမကျမီ နေအိမ်အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး လာရောက်တွေ့ဆုံအားပေးခြင်းပင်ဖြစ်ပါကြောင်းဖြင့် အား‌ပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။