မြစ်ကြီးနား ဇူလိုင် ၁၄
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း Grade -12 အောင်မြင်ခဲ့သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ပညာသင်စရိတ်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲက ဇူလိုင် ၁၄ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယနေ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ဝန်ထမ်း/ သားသမီးများအား ဂုဏ်ပြုချီးမြှင့်မည့် အစီအစဉ်အပြင် ပညာသင်စရိတ်နှင့် စာရေးကိရိယာများကိုလည်းကောင်း၊ အမြဲတမ်းနှင့် နေ့စားဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်အခြေခံစားသောက်ကုန်များနှင့် လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ထို့အတူသက်ဆိုင်ရာမြို့နယ်၊ မြို့အမူဆောင်အရာရှိများအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို ဆောင်ရွက်နေကြရသည့် အခြေခံလုပ်သားများသက်သာချောင်ချိရေးတို့ကို တတ်စွမ်းသမျှ ပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထိုနောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမိုးတို့က ဝန်ထမ်းများအတွက် ပညာသင်စရိတ်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှုများနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ(၇)ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့သူ(၈)ဦး စုစုပေါင်း (၁၅)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တက္ကသိုလ်အဆင့်မှ အခြေခံပညာမူလတန်းအဆင့်ထိ ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၃)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများကိုလည်းကောင်း၊ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိအမြဲတမ်းဝန်ထမ်း (၁၅၈)ဦး၊ တွဲဖက်ဝန်ထမ်း (၁၄)ဦး၊ နေ့စား/ ပုတ်ပြတ်လုပ်သား (၂၂၃)ဦး စုစုပေါင်း(၃၉၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၇၀၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန် (၇)မျိုးအပြင်သန့်ရှင်းရေးလုပ်သားများ၊ ယာဉ်နောက်လိုက်များ၊ ဈေးညစောင့်များ၊ ဈေးသန့်ရှင်းရေး လုပ်သားများနှင့် စိမ်းလန်းစိုပြည်ရေး လုပ်သားများအတွက် မိုးကာအင်္ကျီနှင့် ခမောက်များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
