ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်‌ ရောက်

မြစ်ကြီးနား     ဇူလိုင်  ၁၅
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ရက် (၁၀၀) စီမံချက်ချက်ဖြင့် ပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုပြီး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အစိုးရ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့အစည်းများပူးပေါင်း၍ ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၄၀)ကျော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ခရိုင်/မြို့နယ်/မြို့ရုံးများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပို့ချပေးခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ၊ မိုးလေဝသဆိုင်ရာသတိပြုရမည့် အချက်များ၊ ဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို အသီးသီးရှင်းလင်းဆွေး‌နွေးပို့ချခဲ့ကြသည်။
          အလားတူ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးသင်တန်းများ၊ Talk Show များ၊ Bill Board စိုက်ထူခြင်းလုပ်ငန်းများအပြင် အသိပညာပေးဟောပြောပွဲ (၃၀)ပွဲ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။