ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းမီးရထားပြေးဆွဲနိုင်‌ရေး သံလမ်း များ အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်နေမှုများနှင့် ပင်းဘောကျေးရွာ၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပင်းဘောဒေသမှ ထူးချွန်စွာသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်၊ နမ္မတီးမြို့၌ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်အိတ်များ ထောက်ပံ့

မိုးကောင်း   ဇူလိုင် ၁၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်‌ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေး‌စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
          ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ် (၄၉)အဆန်ရထားနှင့် အမှတ်(၅၀) အစုန်ရထားခရီးစဉ်အား လာမည့်ဇူလိုင် ၂၁ ရက်နေ့တွင် စတင်ပြေးဆွဲတော့မည်ဖြစ်သဖြင့် မြန်မာ့မီးရထားအနေဖြင့် မိုးကောင်း-မိုးညှင်းဘူတာအကြား (၅၂ ဒဿမ ၂၅)မိုင်အအတွင်းရှိ သံလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းရေးဆောင်ရွက်ခြင်းနှင့် သံလမ်းကူးတံတားများ ပြုပြင်တည် ဆောက်ခြင်းနှင့် ဘူတာများပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ် ပင်းဘောဘူတာပြုပြင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ မြန်မာ့မီးရထားတာဝန်ရှိသူများနှင့်ဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပင်းဘောဘူတာမှတစ်ဆင့် မြန်မာ့မီးရထား၏ အင်ဂျင်နီယာ(အထူး)ရထားဖြင့် လိုက်ပါစီးနင်းခဲ့ပြီး ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် သံလမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင် တည်ဆောက်ထားသော မိုင် ၆၅၆/ ၁၆-၁၈ ရှိ တံတားအမှတ် (၆၃၀)အား တံတားရေလည်တိုင်များ ပျက်စီးမှုအပေါ် ပြန်လည်ပြုပြင်တည်ဆောက်ထားရှိမှုနှင့် တံတားကမ်းကပ်ခုံ ရေ တိုက်စားမှုအပေါ် ပြုပြင်တည်ဆောက်ပြီးစီးမှု၊ သံလမ်းဇလီဖားတုံး မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရထားတာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
          ထို့မှတစ်ဆင့် ပင်းဘောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ပင်းဘော)သို့ရောက်ရှိပြီး ကျောင်းဝင်းအတွင်း၌ ကျန်းမာရေးဝန်ကြီးဌာန၊ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး အထူးကုကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ တိုင်းရင်းဆေးရုံတို့က ပင်းဘောတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် သွေးတိုး၊ ဆီးချိုဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နေမှု၊ အရိုး၊ အကြော၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွား/ မီးယပ်နှင့် ကလေးအထူးကု၊ အရေပြားရောဂါ၊ အထွေထွေရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးပညာဖြင့် ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဆေးဝါးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
          ဆက်လက်၍ အဆိုပါကျောင်း ပုလဲရတနာခန်းမ၌ ပင်းဘောဒေသစိတ်ရှိ ကျေးရွာများမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက ဘက်စုံပညာကိုရည် ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။
       ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပင်းဘောဒေသစိတ်၊ အ.ထ.က(ပင်းဘော) စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ထို့အပြင် ပင်းဘောဒေသအဘက်ဘက်က တိုးတက်ပြီး အခုလိုအောင်မြင်မှုရရှိအောင် ကူညီပံ့ပိုးပေးခဲ့ကြပါသော ရပ်မိ/ ရပ်ဖများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း မြို့နယ်အောင်ချက် ဒုတိယဆုရရှိခဲ့သည့်အတွက်လည်း ဂုဏ်ယူပါကြောင်းနှင့် မိမိတို့မိသားစု၊ မိမိတို့ဒေသနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော လူငယ်များဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အစိုးရအဖွဲ့မှ အဆိုပါ ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ငွေကျပ်သိန်း ၂၀ မတည်၍ ဂုဏ်ပြုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သော ဂုဏ်ပြုဆုများကို အဆိုပါဒေသစိတ်အတွင်းမှ တက္ကသိုလ်ဝင်တန်းတွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင် မြင်ခဲ့သူ တစ်ဦးအပါအဝင် (၃)ဘာသာ (၄)ဦး၊ (၂)ဘာသာ (၁၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၃)ဦးတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ (၅)ဘာသာဂုဏ်ထူးရ ကျောင်းသူက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာနေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့အတွက် ချီးမြှင့်ငွေကျပ်စုစုပေါင်း သိန်း ၂၀ နှင့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ္မတီးမြို့သို့ရောက်ရှိပြီး မြို့တော်ခန်းမ၌ မြို့ပေါ်ရပ်ကွက်များတွင် ယာယီတိမ်း‌ရှောင်ခိုလှုံနေထိုင်လျက်ရှိသော မြို့နယ်အသီးသီးမှ အိမ်ထောင်စုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ္မတီးမြို့ပေါ်ရှိ မြို့လှကြံခင်း KBC စခန်း၊ မြို့သာယာ RC စခန်း၊ ဒွန်ဘုံးခစခန်း၊ နန့်ယာစခန်း၊ မြို့မဝါအောင်စခန်း၊ ကံလှဝန်ဂျာစခန်းများအပြင် နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသော အိမ်ထောင် စုများအတွက် ဆန်အိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား မြို့လှကြံခင်း KBC စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းများအတွက် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စခန်းအသီးသီး၏ လိုအပ်ချက်များ ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ငွေကျပ်သိန်း ၆၀ ကို ထပ်မံထောက်ပံ့ပေးအပ်ကာ နိဂုံးချုပ်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။