မြစ်ကြီးနား မတ် ၁၃
ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ ဆောင်ပုဒ်ဖြင့်၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနကကြီးမှူး၍ မတ် ၁၃ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့တင် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူအခွင့် အရေးကာကွယ်သည့် လုပ်ငန်းသည် လူတန်းစားအလွှာအသီးသီးနှင့် သက်ဆိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ မိမိတို့အနေဖြင့် အလေးထားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြား သည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံနှင့် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီဌာနမှ ပြည်နယ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဆိုင်ရာ ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်များက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဝန်ထမ်းများက အခမ်းအနားတက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် အခမ်းအနားတက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များက ခန်းမရှေ့တွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်ညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/ မရှိ ပြည်သူများသိရှိစေရေး နားလည်စေရေးကြေညာချက်ထားရှိမှု၊ ကုန်ညွှန်းအမှတ်အသားနှင့် ကိုက်ညီသောကုန်ပစ္စည်းများနှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေစာအုပ်များ ခင်းကျင်းပြသထားသည့် အသိပညာပေးပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။




