ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)နှင့် သွေးအလှူရှင်အသင်းများ စုပေါင်း၍ (၉)ကြိမ်မြောက်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီလ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်ဌာနတွင် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)နှင့် မြစ်ကြီးနားမြို့ပေါ်ရှိ သွေးအလှူရှင်အသင်းများစုပေါင်းကာ (၉)ကြိမ်မြောက်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း တက်ရောက်အားပေးခဲ့သည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးက ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်ဌာနမှ ဆရာဝန်များနှင့် သူနာပြုများက ကူညီပေးမှုဖြင့် သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)မှ ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ သွေးလှူရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊ စေတနာသွေးသန့်သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက်အစားအသောက်များကိုလည်းကောင်း၊ သွေးလှူဘဏ်ဌာန နှင့် သွေးဖောင်ရှင်း(ကချင်ပြည်နယ်)တို့အတွက် အလှူငွေများကို ပေးအပ်ခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို (၄)လတစ်ကြိမ် ပြုလုပ်ပေးလျက်ရှိကာ ယနေ့ပြုလုပ်သော သွေးလှူဒါန်းပွဲတွင် သွေးအလုံးရေ (၃၄)လုံးလှူဒါန်းနိုင်ခဲ့ကြောင်းနှင့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)အနေဖြင့် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း သွေးအလုံးရေ (၃၂၀၀)ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။