မြစ်ကြီးနား ဧပြီ ၂၂
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်စေပြီး သန့်ရှင်းသာယာလှပစေရေး အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် စံပြမြို့တစ်မြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင် သာယာရေးနယ်နမိတ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီးရေလာကောင်းမွန်းရေးသည် အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးအချက်ဖြစ်သည်ကို အားလုံးသိရှိပြီဖြစ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်နေကြမည့် အုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့် အနီးကပ်ဆုံးထိတွေ့နေသူများဖြစ်သည့်အတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကကျသူများဖြစ်ပါကြောင်း၊ သန့်ရှင်းသည့် ရပ်ကွက်၊ သန့်ရှင်း သည့်မြို့သည် အုပ်ချုပ်သူနှင့်နေထိုင်သူများ၏ စည်းကမ်းရှိမှုကို ဖော်ပြသကဲ့သို့ သာယာလှပသည့် ပတ်ဝန်းကျင်ကြောင့် ပြည်သူများ စိတ်ပျော်ရွှင်မှုကို ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနား မြို့အား Green City, Clean City, Smart City အဖြစ် စံပြမြို့ပြတစ်ခုဖြစ်လာအောင် မိမိတို့နေအိမ်မှစ၍ မိမိတို့ရပ်ကွက်၊ မြို့/ရွာအထိ ပူးပေါင်းပါဝင်လာအောင် အားလုံးကဝိုင်းဝန်းပူးပေါင်းကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရာတွင် စည်ပင်သာယာရေးအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက မြို့သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ယာဉ်၊ ယန္တရားများ စာရင်းနှင့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့်လည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ရပ်ကွက်အစီအစဉ်ဖြင့် အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ရပ်ကွက်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးက ရပ်ကွက်အလိုက် လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်အား ပိုမိုကောင်းမွန်တိကျသည့် စနစ်အဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ရပ်ကွက်အလိုက် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။