မြစ်ကြီးနား ဧပြီ ၂၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ နှစ်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးစီးကျင်းပသည့် ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နာယကဆရာတော် အဘိဓဇမဟာရဋ္ဌာဂုရုဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော မထေရ်မြတ်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် စာချနာယကဆရာတော် ဦးစက္ကိန္ဒက မဟာပဋ္ဌာန်းရောင်ခြည်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော်များဦးဆောင်လျက် ပဋ္ဌာန်းပစ္စယုဒ္ဒေသကို အတူတကွရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များကို ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား နေ့စဉ်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။