ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော် KBC ဖွံ့ဖြိုးရေးခြံအတွင်း ဖွင့်လှစ်ထားသော IDPs စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေးထောက်ပံ့

မြစ်ကြီးနား ဧပြီ ၂၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)ပိုင် ဖွံ့ဖြိုးရေးခြံဝင်းအတွင်း နယ်မြေအခြေအနေအရ နေရပ် စွန့်ခွာပြည်သူများအား IDPs စခန်းဖွင့်လှစ်၍ ခိုလှုံနေထိုင်ခွင့်ပေးခဲ့ရာမှ စခန်းအားပိတ်သိမ်းပြီး အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြေယာအလှူရှင် ဦးတင်မြင့် ခြံဝင်းအတွင်း ပြောင်းရွေ့နေရာချထားပေးခဲ့သဖြင့် စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့ကြသည်။

          အဆိုပါ စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်းဆု‌တောင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် မိသားစုများအား နှစ်ကာလအားဖြင့် ၁၅ နှစ်ခန့် စခန်းဖွင့်လှစ်၍ နေထိုင်ခွင့်ပေးခဲ့ခြင်းအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မိသားစုများအနေဖြင့်လည်း ပြည်နယ်အစိုးရအဖွဲ့စီစဉ်သည့် မြေယာပေါ်တွင် နေထိုင်မည့်မိသားစုများနှင့် နောင်းချိန်ကျေးရွာ၊ ဆွေမျိုးနေအိမ်များတွင် ရွေ့ပြောင်းနေထိုင်ကြမည်ဖြစ်သဖြင့် အဆင်ပြေစေရေး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ပြောင်းရွေ့နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။