ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္တောဘာသ ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

မြစ်ကြီးနား ဧပြီ ၂၃

          မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင်(ဘုမ္မော)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့်ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာ‌တော်သံဃာတော်များ ကြွ‌ရောက်တော်မူကြသည်။

          ဆက်လက်၍ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္တောဘာသ အရှင်သူမြတ်အား အဆောင်အယောင်အခမ်းအနားဖြင့် ပင့်ဆောင်တော်မူကြပြီး  အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆရာတော်အရှင်သူမြတ်များထံမှ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

          ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စကားမိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် တေးသီချင်းဖြင့် ဆရာတော်အရှင်သူမြတ်အားပူဇော်ခဲ့ကြပြီး ရွှေရတနာပုံဆရာတော် ဦးကလျာဏက ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်၏ ထေရုပ္ပတ္တိအကျဉ်းအားဖတ်ကြားပြီး ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။