မြစ်ကြီးနား ဧပြီ ၂၃
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်က ယနေ့မွန်းလွဲပိုင်းတွင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရှင်းလင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား မြို့ပြများအား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးကို အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအားထည့်ပြီး တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ရက် ၁၀၀ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပြီး ပြည်သူများယုံကြည်ချစ်ခင်အားကိုးသည့် ပြည်သူ့အကျိုးပြုဝန်ထမ်းကောင်းများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် မိမိတို့မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးစားကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ရက်၁၀၀ ကာလအတွင်း ဆောင်ရွက်သွားမည့် မြို့ပြဖွံ့ဖြိုးရေး၊ စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် မြို့နယ်အမှုဆောင်အရာရှိများက သက်ဆိုင်ရာမြို့များအလိုက် စည်ပင်သာယာရေးအဖွဲ့များ၏ ရက်ပေါင်း ၁၀၀ ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးက မြို့နယ်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။