မြစ်ကြီးနား ဧပြီ ၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၂ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ပလန(၁) ပိတောက်မြိုင်ခေတ်မီစံပြကျေးရွာ (Smart Village)ရှိ ရွှေပိတောက်ခန်းမ၌ ကျေးရွာနေပြည်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာအတွင်းရှိ အိမ်ထောင်စု ၅၁၁ စုတို့အတွက် ဆန် ၂၄ ပြည်ပါ အိတ် ၁၀၀ အိတ်၊ ကျေးလက်စီးပွားမြင့်မားရေးအတွက် ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာစာကြည့်တိုက် (Smart Library)အတွက် သုတရသစာအုပ် (၂၀၀) နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) ဗီနိုင်းနှင့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအတွက် အထောက်အကူပြုပစ္စည်းများကို အသီးသီးပေးအပ်ကြရာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားနှင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ပလန(၁) အဆိုပါ ပိတောက်မြိုင်ကျေးရွာအား ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသနေပြည် သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေးအတွက် မျိုးစေ့အခမဲ့ပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများ ချထားပေးခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ပိတောက်မြိုင်ကျေးရွာနေပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် ရန်ပုံငွေများခွဲဝေချထားပြီး ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာနေပြည်သူများ အနေဖြင့် စည်းစည်းလုံးလုံးဖြင့် ယခုထက်ပိုပြီး မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်အောင်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ အားလုံးကဝိုင်းဝန်းကြိုးစားကြရန်လိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သော ၁၈ ပေ × ၂၇ ပေရှိ ခေတ်မီစာကြည့်တိုက် (Smart Library) အဆောက်အအုံနှင့် စာကြည့်တိုက်အတွင်း စီမံကိန်းရန်ပုံငွေဖြင့် သုတ/ ရသ စာအုပ်စာစောင်များ၊ စာကြည့်တိုက်အသုံးအဆောင်များဖြင့် ဝယ်ယူဖြည့်တင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်မှူးခန့်ထားနိုင်ရေးနှင့် စာအုပ်စာစောင်ဖတ်ရှုခြင်း၊ စာကြည့်တိုက်အဆင့်မြင့်တင်ခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



