ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စိတ္တသုခကျောင်းတိုက်ရှိ ယာယီ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား ဇွန် ၉

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ စိတ္တသုခ‌ကျောင်းတိုက် ယာယီတိမ်းရှောင်စခန်းမှ အိမ်ထောင်စုများအား သွားရောက်    တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အဆိုပါ စခန်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှ အိမ်ထောင်စု ၂၄ စု တို့အတွက် စုစုပေါင်းငွေကျပ် ၂၅၃၆၈၀၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၂၄)အိတ်နှင့် စားဆီ (၂၄)ပိဿာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို တင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိသားစုများအား စဉ်ဆက်မပြတ် ထောက်ပံ့ကူညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မိုးတွင်းကာလရောက်ရှိပြီဖြစ်သောကြောင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေး တင်ပြပေးကြစေလိုကြောင်း၊ ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးက မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားခဲ့သည်။

ယင်းနောက် စိတ္တသုခ‌ကျောင်းတိုက်အတွင်းရှိ ယာယီလူနေအဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးတွင်းကာလဖြစ်သဖြင့် အဆောင်များပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းထိုင်ဘုန်းတော်ကြီးထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။