မြစ်ကြီးနား ဇွန် ၁၆
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧဝံဂေလိကျမ်းစာသင်ကျောင်း၌ ခရစ်ယာန်အသင်းတော်များနှင့် တွေ့ဆုံမိသဟာယဖွဲ့ခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းဝတ်ပြုခြင်းအစီအစဉ်သို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစီအစဉ်တွင် ခရစ်ယာန်အသင်းတော်အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်များနှင့်အတူ အသင်းတော်တာဝန်ရှိသူများ၊ ကျမ်းစာသင်ကျောင်း တက်ရောက်နေသော သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး မိတ်ဆက်တွေ့ဆုံခြင်း၊ ဓမ္မတေးသီချင်းများသီဆိုခြင်း၊ သိက္ခာတော်ရကျောင်းအုပ်ဆရာတိုက်ချွန်းစိန်က ကြိုဆိုနှုတ်ခွန်းကားပြောကြားပြီး ခရစ်ယာန်ငြိမ်းချမ်းရေးနှင့် ကူညီထောက်ပံ့ရေးဗဟိုနာယက ဦးစေထွန်းအောင်မြင့်က ငြိမ်းချမ်းရေးဆုတောင်းခြင်းအတွက် ပြောကြားပြီး ဓမ္မတေးသီချင်းများဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် ဒေါ်ဒွဲဘူက ငြိမ်းချမ်းမှုရေးသည် ယနေ့လူသားအားလုံးနှင့် သက်ဆိုင်သည့် ကဏ္ဍပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိမိတို့အားလုံးက နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အပြင် ယခုလို စုပေါင်းဆုတောင်းကူခြင်းဖြင့် ငြိမ်းချမ်းမှုကို လိုလားသော လူမှုအသိုက်အဝန်းများဖြစ်ပေါ်လာရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ငြိမ်းချမ်းမှုကို တစ်ဦးချင်းစီကလိုလားသကဲ့သို့ မိမိတို့အားလုံးငြိမ်းချမ်းရေးအတွက် ပါဝင်ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ခရစ်ယာန်အသင်းတော်အသီးသီးမှ သိက္ခာတော်ရဆရာများက သမ္မာကျမ်းစာဖတ်ကြားခြင်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သာသနာပိုင်ချုပ်စတီဗင်သန်းမြင့်ဦးက ဓမ္မဒေသနာတော်ကို ဟောကြားခဲ့ပြီး ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်ထွန်းညှိ၍ အတူတကွအထူးဆုတောင်းခဲ့ကြကာ ဓမ္ဓတေးသီချင်းများ သံပြိုင်သီဆိုခြင်းနှင့် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ နာယက Bishop ဂျွန်ဇော်လီက ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးခဲ့ကြောင်း သိရသည်။

