ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး၊ ဆုများချီးမြှင့်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇွန် ၁၆

          ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အား မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်‌ရေး၊ ဆုများချီးမြှင့်နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအမံများအား စနစ်တကျပြင်ဆင်ဆောင်ရွက်ထားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က အခမ်းအနား ပြင်ဆင်ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ်ချက်များကိုလည်းကောင်း၊ ပြည်နယ်အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက အခမ်းအနားအစီအစဉ်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်သွားမည့် အသေးစိတ်အစီအစဉ်များကိုလည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တာဝန်ရှိသူများက အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အထိမ်းအမှတ်နေ့ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ကျင်းပပြုလုပ်၍ ဆုများရွေးချယ်ချီးမြှင့်သွားမည့် အစီအစဉ်များ၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ထူးချွန်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသော လူပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။