မြစ်ကြီးနား ဇူလိုင် ၁၀
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အဆိုပါအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်တွင် ပိုမိုစည်ကားသိုက်မြိုက်စွာ၊ အောင်မြင်စွာ ကျင်းပနိုင် ရေး လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍများအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်များ၊ စီစဉ်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ပွင့်ပွင့်လင်းလင်း တင်ပြကြစေ လိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက အခမ်းအနားကျင်းပသွားမည့် အစီအစဉ်များနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်သာသနာရေးမှူးရုံးက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပသွားမည့် အသေးစိတ်အစီအစဉ်မျာကို လည်းကောင်း၊ တက် ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆပ်ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
