မြစ်ကြီးနား ဇူလိုင် ၁၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(မြစ်ကြီးနား)၏ ၂၀၂၆ ပညာသင်နှစ်၊ အပတ်စဉ် (၇) ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်း သူများအား ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ဆောင်မှု၊ ကျွမ်းကျင်မျုများအပေါ် အခြေခံ၍ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အတွက် သင်တန်းကျောင်းများအနေဖြင့်လည်း အရည်အသွေးပြည့် ဝသော ပြည်သူတစ်ရပ်လုံးအားကိုးရသော သားဖွားဆရာများ မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း၊ သင် တန်းသူများအနေဖြင့်လည်း အရည်အသွေးပြည့်မီသော သားဖွားဆရာမများဖြစ်လာစေရန် သင်တန်း တက်ရောက်နေစဉ်ကာလအတွင်း ကြိုးစားအားထုတ်သင်ယူကြပြီး သားဖွားဆရာမတစ်ဦးကျင့်ဝတ်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် သွားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နန်ခေါန်က ပထမနှစ် Semester-1 စာမေးပွဲကို ကြိုးစားအားထုတ်ဖြေဆိုအောင်မြင်ခဲ့သည့်အတွက် သူနာပြု- သားဖွားတို့၏ အဆောင် အယောင်ဖြစ်သော ဦးဆောင်းအပ်နှင်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ သင်တန်းကျောင်းပညာ ရေးအဖွဲ့ဝင်များနှင့်အတူ ပထမနှစ်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော သင်တန်းသူ (၄၃) ဦးတို့အား ဦးဆောင်းအပ်နှင်းပေးခဲ့ကြပြီး သူနာပြုနှင့်သားဖွားဆရာမများ လိုက်နာရမည့်သစ္စာအဓိဌာန်ရွတ်ဆိုခြင်း နှင့် သင်တန်းသူများက ပြည်သူချစ်သောသားဖွားဆရာမလေး သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံအရည်အချင်းစစ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ သင်တန်း ကျောင်းအတွက် ဆန်အိတ်များကို လည်းကောင်း ပေးအပ်ခဲ့ရာ ပထမနှစ်သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
